လားရှိုး၊ စက်တင်ဘာ(၁၂)

တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဌာနေပြည်သူ့စစ်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင် စည်းရုံးတာတွေ လုပ်ဆောင်နေရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒေသတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်လုံခြုံရေးအရ အင်အားဖြည့်ပေးနေတဲ့ အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံတော်ချစ်စိတ်နဲ့ နယ်မြေတည်ငြိမ်အေးချမ်းအောင် တာဝန်သိစိတ်နဲ့ တာဝန်ထမ်းဆောင်နေကြသူတွေလို့ ချီးမွမ်းပြောဆိုခဲ့တာပါ။

ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့နဲ့ အတူတကွ လက်တွဲဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက စစ်ခေါင်းဆောင်က အရန်အင်အားဖြစ်တဲ့ ပြည်သူ့စစ်ကိုသွားပြီးကူညီဖို့ ပြောရတာဟာ တပ်တွင်းတော်တော့်ကို အခြေအနေ ကျဆင်းလာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကြည့်ရတာ သူတို့စစ်တပ်ရေသောက်မြစ်က တော်တော်နည်းနေပြီထင်တယ်။ စစ်တပ်က အသေအပျောက်တွေလည်းများ။ ထပ်ဝင်မယ့်လူလည်းမရှိ။ ဒါကြောင့်မို့ ပြည်သူ့စစ်ကို ဆွဲရတယ်ထင်တယ်။ တိုင်းပြည်အတွက် ကောင်းတဲ့အလားလာမဟုတ်ဘူးပေါ့ဗျာ။ ပြည်သူ့စစ်တို့ဘာတို့ဆိုတာ စနစ်တကျလုပ်ထားတာ မဟုတ်ဘူး။ လက်နက်တပ်ဆင်ပြီးတော့ လုပ်ချင်တာလုပ်ဖို့ ပြည်သူလူထုပဲနာမှာပေါ့။ သူတို့ကိုပိုမုန်းမှာပဲ အဖတ်တင်မှာပေါ့။ စစ်တပ်ကတော်တော်ကို ဂယိမ်းဂယိုင်ဖြစ်နေပုံရတယ်။ လူထပ်ပြီးတော့ စုဆောင်းဖို့အတွက် အတော်ခက်ခဲလာလို့လည်း ဖြစ်နိုင်တာပေါ့။ အမှန်ဆို ပြည်သူ့စစ်တို့၊ ပျူစောထီးတို့ဆိုတာ အရန်အင်အားတွေပေါ့။ အဓိကအင်အားတွေမလောက်မှ ထုတ်သုံးရတာ။ အခုသူက ဒီအရန်အင်အားတွေတောင် သွားပြီးကူညီဖို့ဘာဖို့ ပြောရတယ်ဆိုရင်တော့ စစ်တပ်ကိုက အခြေအနေတော်တော့်ကို ကျဆင်းလာတာ ဖြစ်နိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဌာနေပြည်သူ့စစ်တွေအနေနဲ့ မိမိတို့နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိမှသာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ နယ်မြေဒေသအလိုက် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါသေးတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ သတင်းပေးအနေနဲ့ ရပ်တည်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် စစ်တပ်ရဲ့ လူအင်အားလိုအပ်ချက်ကို ဖြည့်တင်းဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာလို့ သုံးသပ်ပါတယ်။

“စစ်ရေးအခြေအနေ အတော်လေးတင်းမာလာပြီး တစ်ပြည်လုံးမှာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေရတဲ့အချိန်မှာ အရင်တုန်းက စစ်မှုထမ်းဟောင်းတွေ ပြည်သူ့စစ်တွေကို ပြန်လည်ပြီးစည်းရုံးဖို့ စစ်တပ်ရဲ့ လူအင်အားဖြည့်တင်းမှုကို လုပ်ဆောင်ဖို့ အခုကာလမှာ အဲဒီအဖွဲ့အစည်းတွေကို ပြန်ပြီးတည်ဆောက်နေတာပါ။ အဲဒီအဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ရဲ့အရန်အင်အားအဖြစ် ပါဝင်နိုင်စွမ်းရှိတဲ့ စစ်ရေးအရ အားကိုးလို့ရတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း အဲဒီအင်အားစုတွေက စစ်ရေးလှုပ်ရှားမှုတွေမှာ သိပ်ပါဝင်လေ့မရှိပါဘူး၊ သတင်းပေးအနေနဲ့ပဲ ရပ်တည်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်အခုစစ်တပ်ရဲ့ လူအင်အားလိုအပ်ချက်ကို ဖြည့်တင်းဖို့ အဲဒီအင်အားစုတွေကို စုစည်းဖို့စစ်ကောင်စီဥက္ကဌက ကြိုးပမ်းလာတာဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ဆိုပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့ဟာ နိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ ဌာနေပြည်သူ့စစ်အဖြစ် စစ်တပ်ရဲ့ ထိန်းချုပ်ကြီးကြပ်မှုအောက်မှာ တပ်ဖွဲ့ပေါင်းထောင်ချီ ဖွဲ့စည်းခဲ့ကြတာပါ။

လွတ်လပ်တဲ့ အစီရင်ခံစာတစ်ခုရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ပြည်သူ့စစ်အုပ်စု ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရဟာ ကျေးရွာပေါင်း တစ်သောင်းကျော်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်တပ်ကနေ ကျေးရွာကာကွယ်ရေးတပ်အသွင်အပြင် လမ်းပြနဲ့ သတင်းပေးအဖြစ် ဆောင်ရွက်ဖို့ စစ်အစိုးရအဆက်ဆက် ဖွဲ့စည်းလာခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နဲ့ နိုင်ငံအနှံ့နီးပါး ရင်ဆိုင်တိုက်ခိုက်နေရတာပါ။

တစ်ဖက်မှာလည်း စစ်ကောင်စီဘက်ကနေ ဝိုင်းဝန်းတိုက်ခိုက်ပေးနေကြတဲ့ တိုင်းရင်းသားထိန်းချုပ်နယ်မြေတွေထဲက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေလည်း ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.