ဖာပွန်၊ စက်တင်ဘာ(၁၂)
လေကြောင်းတိုက်ခိုက်မှုတွေကို ဥပဒေမဲ့ စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျုးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပိုမိုထိရောက်လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့ အရေးယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ KNUဖာပွန်ခရိုင်၊ လူသောမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီလေတပ်ကနေ ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေအပါဝင် ဒေသခံဆယ်နဲ့ချီ သေဆုံးပြီးနောက် KNU က အခုလို တောင်းဆိုခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတစ်ကျောင်း၊ ကျောင်းသားဘော်ဒါဆောင်တစ်ဆောင်၊ ဘုရားကျောင်းတစ်ကျောင်း၊ ဝတ်ပြုဆုတောင်းရာနေရာတစ်နေရာနဲ့ လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းဆရာနဲ့ ကျောင်း သားတွေအပါအဝင် ၁၂ ဦး သေဆုံးထိခိုက်ဒဏ်ရာရမှုနဲ့ ဘာသာရေး၊ စာသင်ကျောင်းတွေအပါအဝင် နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက စက်တင်ဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ပြည်သူတွေအပေါ် အကြောင်းမဲ့လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကို ဥပဒေမဲ့ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိတဲ့ စစ်ကောင်စီကို ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေ၊ တရားရေးယန္တရားတွေနဲ့ အဖွဲ့အစည်းအသီးသီးကနေ ပိုမိုထိရောက်လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့အရေးယူဆောင်ရွက်ကြဖို့ KNU က တောင်းဆိုထားတာပါ။
“ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာကို တောင်းဆိုချင်တာကတော့ လက်တွေ့ကျတဲ့အရေးယူဆောင်ရွက်မှုကတော့ တကယ်ကိုလိုအပ်နေပြီဆိုတာကို ပြောချင်တယ်။ အထူးသဖြင့် စစ်ကောင်စီကို တစ်ခါတည်းဝိုင်းဝန်းပိတ်ဆို့ပြီးတော့ လုပ်စေချင်တယ်။ စစ်ရေးကို အရပ်သားတွေအပေါ်မှာ လုံးဝကိုသက်ရောက်မှုမရှိတဲ့ဟာမျိုး၊ အရပ်သားကို ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်နေတဲ့ဟာတွေ ရပ်တန့်လိုက်ရအောင် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အထူးပိတ်ဆို့သွားဖို့တော့ လိုအပ်တယ်။ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာကို ကျွန်တော်ပြောချင်တယ်နော်” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတွေနဲ့ လူနေအဆောက်အဦးတွေအပေါ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ မိမိတို့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွေဘက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ပိုမိုထိခိုက်လာနေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
“တပ်စခန်းသိမ်းခံရပြီးတဲ့နောက်မှာ တိုက်ခိုက်မှုတွေပိုတိုးလာတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း အဲဒါတွေ မတိုက်ခိုက်လည်း သူ့ဖာသာသူထလုပ်နေတဲ့ဟာတွေ အများကြီးရှိတာပေါ့။ ဥပမာဆိုပါစို့၊ ညောင်လေးပင်ခရိုင်မှာနော်။ ညဖက်ကျရင် မီးရောင်မြင်တယ်ဆိုတာနဲ့ပဲ စစ်ရှောင်တွေရှိမယ်။ ရွာသားတွေရှိမယ့်နေရာ အကုန်လုံးကို လက်နက်ကြီးနဲ့လှမ်းပြီးထုတာတွေက ခဏခဏဖြစ်နေတဲ့ဟာပဲ။ သူတို့လုပ်ရပ်တွေဟာ တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်တာပဲဖြစ်ဖြစ်၊ အဲဒီလိုပဲလုပ်နေတာဟာ နေ့စဉ်နဲ့အမျှဖြစ်နေတယ်။ သူတို့ဟာ စစ်ရာဇဝတ်မှုတွေကို လုံးလုံးကျူးလွန်တဲ့လူတွေဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
KNU ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားခဲ့ရပြီး ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေဟာ ကျောင်းမတက်ရဲတော့ဘဲ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း KNU ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ်ထဲက လော်မူသောနဲ့ ဘုရားလေးကုန်းကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၂၇၂ ဦးရှိတဲ့ လော်မူသောအထက်တန်းကျောင်းနဲ့ ကျောင်းသား ၃၃ ဦးရှိတဲ့ လော်မူပယ်မူလတန်းကျောင်း ၂ ကျောင်းကိုလည်း ယာယီပိတ်ထားခဲ့ရပြီး ကျောင်းသားတွေရဲ့ ပညာသင်ယူမှု နှောင့်နှေးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ဒေသခံပြည်သူလူထု ၆ သိန်းကျော် စစ်ရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/KNU