မော်လမြိုင် – စက်တင်ဘာ(၁၂)

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီချက် လုံးဝမရှိခဲ့ဘူးလို့ NUG သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ မြေပြင်တော်လှန်ရေးခေါင်းဆောင် တွေကို အသိအမှတ်ပြုခြင်းနဲ့ တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုကို အခြေတည်ပြီး ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က အခုနှစ် မေ ၂ ရက်နေ့မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting ကတဆင့် လက်ခံတွေ့ဆုံ ခဲ့တယ်လို့ ဖော်ပြပါတယ်။

တွေ့ဆုံခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တွေ စစ်ဒေသအလိုက် တည်ဆောက်ထားတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) မှာပါဝင်ဆောင်ရွက်ကြဖို့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ကာကွယ်ရေး ဆိုင်ရာယန္တရားတွေနဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့လို့ NUG ဘက်က ရှင်းလင်းပါတယ်။

ဒါ့အပြင် တော်လှန်ရေးအလွန်ကာလမှာ အကောင်အထည် ဖော်ရမယ့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်တွေမှာ လက်ခံပါဝင်ဆောင်ရွက်ဖို့ အဲဒီကိစ္စရပ်တွေကို အလေး

ထားပြောဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်အနေနဲ့ အထက်ပါ ဆွေးနွေးချက်တွေကလွဲရင် အခြားဘယ်ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝမရှိခဲ့ဘူးလို့NUG သမ္မတရုံးက တုံ့ပြန်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရNUG သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အပေါ် ဗမာအမျိုးသားတော် လှန်ရေးတပ်မတော်(BNRA) ဥက္ကဋ္ဌ ဗိုလ်နဂါးကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းချိန်မှာ တော့ အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ အငြင်းအခုံသဘောမျိုး သက်ရောက်သွားမှာစိုးတဲ့အတွက် ဘာမှမပြောလိုတော့ပါဘူး။ ပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်စရာမျိုးတွေ ထပ်မပေါ်စေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့တော်လှန်ရေးအတွက်ပဲ ကြိုးစားသွားမှာမို့ စိတ်အေးအေးနဲ့ ရှေ့ဆက်နိုင်ဖို့ပဲ ကြိုးစားသွားမှာပါ”လို့ BNRA ဥက္ကဋ္ဌဗိုလ်နဂါးက ပြောပါတယ်။

နိုင်ငံအလယ်ပိုင်းရှိ စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးသမားတစ်ဦး ဖြစ်တဲ့ MRDA ခေါင်းဆောင် ဗိုလ်နဂါးက ဗမာ့အမျိုးသားတော်လှန် ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းကြောင်း စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာခဲ့တာပါ။

MRDA တပ်ရင်းတပ်ဖွဲ့ဝင်တွေအပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကဲ မှုစနစ် (COC) အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ခွင့်မရတဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းတာလို့ ဗိုလ်နဂါးက ဆိုပါတယ်။

ဒါ့အပြင် BNRA ကို ဖွဲ့စည်းတာဟာ တစ်စင်ထောင်တာမဟုတ်ဘဲ NUG သမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့အပြင် သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း ခဲ့ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ သူက ပြောဆိုခဲ့တာပါ။

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်းခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဗိုလ်နဂါးရဲ့ ပြောဆိုချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးဘက်ကနေ အခုလို ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BNRA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.