ပေါင်၊ စက်တင်ဘာ(၁၂)

စစ်ကောင်စီနယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီးနောက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနေ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၃ ရက်နေ့က နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဟာ မိုးနိုင်းရပ်ကွက်နေ ပေါင်မြို့မရဲစခန်းသို့ ဆိုင်ကယ်နဲ့ပြန်လာစဉ် တော်လှန်ရေးအင်အားစုတွေက မော်လမြိုင်-ရန်ကုန်လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ ဥတ္တံတားကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ခင်မြင့်အပါအဝင် အမျိုးသမီး ၈ ဦးအထိပါဝင်ပြီး ကျန်ဒေသခံ ၇ ဦးက အမျိူးသားတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေကို ဇင်းကျိုက်နယ်မြေရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်တာနဲ့ အမျိုးသားတချို့ကိုတော့ စစ်ကြောရေးထံ ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရင်းငြိမ်၊ ဇင်းကျိုက်၊ ဥတ္တံတားကျေးရွာတွေနဲ့ ပေါင်မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်သွားလာတာတွေရှိနေပြီး နေ့ခင်းဘက် ရှောင်တခင်ဝင်ရောက်စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးအပတ်နဲ့ စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရတာ၊ ပေါင်မြို့မရဲစခန်း၊ ရင်းငြိမ်းရဲကင်းနဲ့ မြို့နယ်အ ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.