ပုလော၊ စက်တင်ဘာ(၁၂)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးမှာ စက်တင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးထားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ထံကနေ သိရပါတယ်။
အဲဒီနေ့မနက် ၅ နာရီအချိန်လောက်မှာ တပ်အင်အား ၁၀၀ လောက်နဲ့ ပိတပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးထားပြီး နေ့လည်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ အသက် ၂၅ နှစ်အရွယ် ဒေသခံကိုရုပ်ဆိုးဟာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာကြောင့် အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုကတော့ နေအိမ်မှာပဲ ပုန်းခိုနေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၅၀၀၀ ကျော် စစ်ရှောင်ခဲ့ရတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ