မော်လမြိုင် – စက်တင်ဘာ(၁၁)

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တချို့သော လုပ်ဆောင်ချက်တွေမှာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ အနေအထားတွေ ရှိနေတာကို တွေ့ရတယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနဲ့ မြို့နယ်တရားရုံးတွေက တရားသူကြီးများ တွေ့ဆုံဆွေးနွေးမှု အစည်း အဝေး(၁၂/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။

“တစ်ဖက်မှ ရန်သူရဲ့ တိုက်ခိုက်နေမှုများရှိသလို မိမိတို့ဘက်မှာလည်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များရဲ့ အချို့သော လုပ်ဆောင်မှုများမှာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ အနေအထား များရှိနေတာကို တွေ့ရှိရကြောင်း၊ အဆိုပါ အချက်က တော်လှန်ရေးကာလ ဖြစ်သည့်အလျောက် မိမိတို့နိုင်ငံတွင်သာမကပဲ တစ်ကမ္ဘာလုံး တွင် တော်လှန်ရေး လုပ်ဆောင်ရာ၌ ဖြစ်လေ့ဖြစ်ထရှိ သည့် အချက်များဖြစ်တယ်” လို့ တရားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း တရားဥပဒေစိုးမိုးမှုဟာ အထိုက်အလျောက် အားနည်းချက်တွေရှိနေနိုင်ပြီး အဲဒီအချက်အရ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေ၊ ထိခိုက်မှုတွေ မဖြစ်ပွားဖို့ တားဆီးရမှာဖြစ်သလို မတားဆီးနိုင်ပါက လူထုယုံကြည်မှုဟာ နွေဦးတော်လှန်ရေးအပေါ် ထိခိုက်နိုင်သလို လူထုရဲ့ တော်လှန်လိုစိတ်တွေ လျော့နည်းလာရင် စစ်ကောင်စီတပ်ရဲ့ ဝမ်းသာစရာ ဖြစ်သွားနိုင်တယ်လို့ ပြောပါသေးတယ်။

တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာမှာ တရားရေးဝန်ကြီးဌာနတစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ မရဘဲ တခြားသော အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ တော်လှန်ရေးရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အောင်ပွဲရရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ကြားကာလတရားစီရင်ရေး ဖော်ဆောင်မှုကော်မတီကို ဖွဲ့စည်းထားပြီး တရားဥပဒေစိုးမိုးရေးအတွက် လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တာ၊ မြို့နယ်တွေက အခြေခံလုပ်ဆောင်ရမယ့် သုံးချောင်းထောက်စနစ်အရ မြေပြင်တရားရုံး၊ မြို့နယ်ဥပဒေရုံး၊အကျဉ်းဦးစီးဌာနတွေ ကျစ်ကျစ်လစ်လစ် စုစုစည်းစည်း ပူးပေါင်း ဆောင်ရွက်ဖို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်ရှိကာလမှာ အဓိကအချက်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.