တောင်ငူ – စက်တင်ဘာ(၁၁)

ပဲခူးတိုင်း၊တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဆိပ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အတွက် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး- PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်အစောပိုင်းက တောင်ငူမြို့အမြန်လမ်း(၁၆၂)မိုင်မှာ စစ်ကောင်စီအင်အား(၂၀) နဲ့ အထိုင်ချတပ်စွဲထားတဲ့ ဆိိတ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမှာ မိနစ်(၃၀) နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး PDF ကဆိုထားပြီး သေဆုံးသူတွေရဲ့ ရာထူးအဆင့်ကိုတော့ စီစစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က (၂) ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအထိုင်စခန်းကို တောင်ငူခရိုင်တပ်ရင်း-၃၅၀၁၊အနောက်ရိုးမမှ ထုတ်နှုတ်အင်အား (၁၆) ဦးနဲ့ နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စခန်းသိမ်းနိုင်ဖို့ စီစဉ်ထားပေမယ့် ခဲယမ်း၊ကျည် မလုံလောက်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီအထိုင်ချ စခန်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို သံလွင်တိုင်းမ် အနေနဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပဲခူး-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.