စစ်ကိုင်း၊ စက်တင်ဘာ(၁၀)

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒသမ ၉ သန်းကျော်ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး နိုင်ငံရဲ့ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် လူဦးရေ ၁ ဒဿမ ၆ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သားပိုင်ဆိုင်မှု အိုးအိမ်အဆောက်အအုံပေါင်း ၇၅၀၀၀ နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ UNOCHA က ခန့်မှန်းထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်ကန့်သတ်ချက်တွေ တိုးမြင့်လာတာကြောင့် အကူအညီတွေ ထိရောက်စွာ ပေးအပ်နိုင်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံအလယ်ပိုင်း စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ရှောင်ပြည်သူတွေကို မြေပြင်မှာအကူအညီတွေပေးနေသူတစ်ဦးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီက အကူအညီတွေ လုံလောက်တဲ့ပမာဏမရရှိဘဲ ပြည်သူ့အားနဲ့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူသားချင်းစာနာမှုအကူအညီကလည်း အမေရိကန်ဒေါ်လာ ဘယ်နှစ်သိန်း၊ ဘယ်နှစ်သန်းရတယ်ဆိုပေမယ့် အသံပဲထွက်နေတာပေါ့။ မြေပြင်မှာကျတော့ ကျွန်တော်တို့တွေရဲ့ လုပ်အားလောက်ကို မရှိဘူးဗျ။ သူတို့လုပ်ပေးတာတွေ၊ ကူညီကယ်ဆယ်ရေးတွေက တော်တော်လေးကို နည်းသေးတယ်ဗျ။ စစ်ရှောင်တွေအတွက်ကို တကယ်တမ်း ဘာမှလောက်လောက်လားလား လုပ်ပေးနိုင်တဲ့ ပမာဏမရှိသေးဘူးလို့ ကျွန်တော်တို့က သတ်မှတ်ရမှာပေါ့။ ဘာလို့ဆို ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူ့အားနဲ့ပဲ သွားနေရတာဗျာ။ အခုလက်ရှိကတော့ အဖွဲ့အစည်းတွေကနေ သိန်းထောင်ချီရှာပေးတာမျိုးလည်း ကျွန်တော်တို့ မကြုံဖူးပါဘူး။ အခြေအနေတွေကတော့ သူတို့ဘယ်လိုတွေ လုပ်နေလဲတော့ မသိဘူး။ ကျွန်တော်တို့အောက်ကို ရောက်မလာတာတော့ သေချာတယ်ဗျ”လို့ သူကဆိုပါတယ်။

UNOCHA ကတော့ ဝင်ရောက်ကူညီရေး ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးတာနဲ့ ရန်ပုံငွေရရှိရေးဟာ အရေးပေါ် လိုအပ်ချက်တွေကို တုံ့ပြန်ကူညီမယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် မရှိမဖြစ်လိုအပ်နေပြီး ရန်ပုံငွေအနေနဲ့ စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ်လဆန်းပိုင်းမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတဲ့အတွက် အကူအညီတွေ ပိုမိုပေးသွားဖို့ လိုအပ်နေဆဲလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-UNOCHA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.