ပုလော၊ စက်တင်ဘာ(၁၀)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပုလောချောင်းဝမှာ ရပ်နားထားတဲ့ စစ်ကောင်စီရေတပ်သင်္ဘောကနေ လက္ကူး၊ မြဒေါင်နဲ့ပြင်ဖြူကျေးရွာတွေထဲကို တိုက်ပွဲ မရှိဘဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရေတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လက္ကူးကျေးရွာထဲနဲ့ ရွာအပြင်ဘက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျည်ကြောင့် အသက် ၂၅ အရွယ် ဒေသခံ ကိုမြတ်ဖြိုးဝေဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ ကြောက်ရွံထိတ်လန့်နေပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ပုလောမြို့နယ်၊ ကျောက္ကာရွာအပြင်ဘက် မြင်းအောက်ကျွန်းအနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း လက္ကူးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၆ နှစ်အရွယ် ဒေါ်သန်းကြည် လက်နက်ကြီးစထိမှန် သေဆုံးခဲ့သေးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.