ညောင်လေးပင်၊ စက်တင်ဘာ(၁၀)

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတာကို မြင်တွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပြောဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ပညာရေးကို အကြမ်းဖက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရေးနေ့”အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ရေးနည်းဗျူဟာတစ်ခုအနေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်တဲ့လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက KHRG ရဲ့ မှတ်တမ်းပြုစုချက်အရ စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၄ ကြိမ်အထက်ရှိနေပြီး စာသင်ကျောင်းအဆောက်အဦး ၃၇ လုံးကျော် လုံးဝပျက်စီးသွားခဲ့ကာ မှတ်တမ်းပြုစုနိုင်ခြင်းမရှိတဲ့ နောက်ထပ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ KHRG က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပညာရေးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုး ပွားလာနေတာကို မြင်တွေ့နေရပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိ မြန်မာပြည်အရှေ့တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် နှစ်နှစ်ပေါင်းထက် အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်အုပ်စုရဲ့ စာသင်ကျောင်းတွေအပေါ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် ကလေးငယ် ၄၈ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကလေးသူငယ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အသေအပျောက်တွေရှိနေပေမယ့် စစ်ကောင်စီဟာ ပညာရေးအပေါ် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုတွေအပေါ် အရေးစိုက်တာ ဒါမှမဟုတ် တာဝန်ခံမှု လုံးဝမရှိခဲ့သလို ပညာရေးအပေါ် ဆက်လက်အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် ကျောင်းသား၊ ဆရာနဲ့ မိဘတွေကြားမှာ နက်ရှိုင်းတဲ့အကြောက်တရားကို ဖြစ်စေခဲ့တယ်လို့ KHRG က ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ထပ်မံပြီးတိုက်ခိုက်မှုတွေ မပြုလုပ်နိုင်အောင် နိုင်ငံတကာနဲ့ ဒေသတွင်းတာဝန်ရှိသူတွေက ဖိအားပေးလုပ်ဆောင်မှုတွေ ပိုမိုပြုလုပ်ဖို့လိုအပ်ပြီး ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ စစ်ကောင်စီအပေါ် တရားစွဲဆိုမှုနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကြိုဆိုသလို ဖိအားပေးမှုတွေကို ထပ်မံလုပ်ဆောင်ဖို့ KHRG က တိုက်တွန်းထားပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေကနေ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ နယ် စပ်ဖြတ်ကျော် အကူအညီပေးမှုတွေကို ခွင့်ပြုဖို့၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့်ရှိတဲ့ နိုင်ငံတွေက စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ကလေးအခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင် ပြုလုပ်ဖို့လည်း KHRG က အကြံပြုထားကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.