ထားဝယ်၊ စက်တင်ဘာ(၁၀)

မကြာခင် ရောက်ရှိတော့မယ့် ပွင့်လင်းရာသီမှာ နိုင်ငံတောင်ပိုင်းဒေသအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံမြေပုံရဲ့ တောင်ပိုင်းဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဟာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာမှာ တဖြည်းဖြည်း ယိုင်နဲ့လာနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အနေနဲ့ အန္တိမရည်မှန်း ချက်ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတဝန်းတည်ငြိမ်အောင် ထိန်းချုပ်နိုင်ဖို့ စစ်အင်အားနဲ့ ကျားကန်နေပါတယ်။

ဒီအခြေအနေမှာ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုအေးမင်းထွန်းက ပွင့်လင်းရာသီ ရောက်တာနဲ့ စစ်ရေးတွေ ပိုပြီးပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေ သတိဝိရိယနဲ့နေထိုင်ကြဖို့ တိုက်တွန်းတာပါ။

“ကျွန်တော်တို့ ဒီသထုံခရိုင်ဘက်မှာတော့ ပွင့်လင်းရာသီရောက်တာနဲ့ စစ်ရေးတွေက ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတာပေါ့။ ဒီထက်ဒီထက် ပိုပြီးတော့ ပြင်းထန်ဖို့ပဲရှိတယ်။ ပြည်သူတွေကိုလည်း အထူးမေတ္တာရပ်ခံချင်တာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝေးဝေးနေဖို့။ စစ်ကောင်စီကားတွေနဲ့ တခြားသောယာဉ်တွေနဲ့ ခပ်ဝေးဝေးနေဖို့ သူတို့နဲ့ ပူးကပ်ပြီးမနေဖို့ ကျွန်တော်တို့ မှာချင်ပါတယ်။ ပြီးတော့ သတိဝိရိယနဲ့နေဖို့ အထူးမှာချင်ပါတယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်၊ သထုံခရိုင်မှာတော့ ဩဂုတ်နှောင်းပိုင်းနဲ့ အခုလဆန်းပိုင်းတွေအတွင်း မြို့မရဲစခန်း၊ ရဲကင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ကြိုကြားကြိုကြား ဖြစ်ပွားနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း ရေးနဲ့သံဖြူဇရပ်မြို့နယ်ကြားမှာ ကျားဖြူစစ်ကြောင်းနဲ့ တောင်ညိုစစ်ကြောင်းတို့ရှိနေပြီး ရေးတောင်ဘက်ခြမ်းမှာတော့ ဒေါနစစ်ကြောင်းတို့ အတူလှုပ်ရှားနေတဲ့အတွက် စစ်ရေးတွေ မကြာခင် ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

“လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ ကျွန်တော်တို့ မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ အဆင့်မြှင့် တိုးတက်မှုတွေ ရှိလာမယ်။ တိုက်ပွဲတွေ စစ်ဆင်ရေးတွေ ပိုပြီးတော့ လှုပ်ရှားလာနိုင်မယ်။ စစ်ရေးလမ်းကြောင်းတွေ၊ လက်နက်ကိရိယာတွေသယ်ဆောင်ရတာလည်း အဆင်ပြေတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ပိုပြီး ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ စစ်ကောင်စီတွေ အခုချိန်မှာအင်အားချိနဲ့တဲ့အပေါ်မှာ နာလန်မထနိုင်အောင် ကျွန်တော်တို့ စစ်ဆင်ရေးတွေ ပိုမိုလှုပ်ရှားဖို့လိုပါတယ်။ တော် လှန်ရေးအင်အားစုတွေကြားမှာ ပူးပေါင်းဆောင်ရွက်ပြီး စစ်ဆင်ရေးတွေပိုပြီး ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ပွင့်လင်းရာသီမှာ ပိုပြီးဖြစ်လာနိုင်မယ်”လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်ဟာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ သတ်မှတ်ကြေညာခံထားရတဲ့ မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော ဒေသဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရေးမြို့နယ်အတွင်း စစ်ကောင်စီဘက်ကနေ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမရှိဘဲ သူတို့ရဲ့ တပ်စခန်းတွေနဲ့ မြို့တွင်းကာကွယ်ရေး၊ အုပ်ချုပ်ရေး ဆောင်ရွက်မှုတွေသာရှိတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

ကရင်ပြည်နယ်မှာလည်း လတ်တလောအတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အပါအဝင် မြို့ပြဒေသတချို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးတွေအပါအဝင် ဝန်ထမ်းတချို့ သေဆုံးတာတွေလည်း ရှိနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုစောတောနီးကတော့ အာဏာသိမ်းမှု သုံးနှစ်ထဲဝင်လာပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က ခံစစ်အနေနဲ့ လုပ်နိုင်မှာ မဟုတ်ဘဲ စစ်အာဏာရှင်ကျဆုံးရေးအတွက် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက သုံးနှစ်ထဲဝင်လာပြီဆိုတော့ ကျွန်တော်တို့ ခုခံစစ်ပုံစံမျိုးပြောင်းသွားပြီလေ။ စစ်အာဏာရှင်ဘက်က အခုရှင်းရှင်းပြောရရင် သူတို့ခံစစ်အနေအထားရောက်သွားပြီဆိုတာ သေချာတယ်။ နေရာတိုင်းမှာ ခံကတုတ်တွေ ပြန်လုပ်နေရတယ်။ မြို့ကြီးပြကြီးတွေအထိတောင် ဖြစ်သွားပြီ။ နောက်ပြီးတော့ သူအရင်က ဖောက်ထားတဲ့လမ်းတွေ တော်တော်များများ အကုန်ဖျက်ဆီးပစ်လိုက်တယ်။ အဲဒါက ကျွန်တော်တို့ဘက်က သူ့ကိုသွားတိုက်မှာကို သူအရမ်းကြောက်နေတယ်။ အဲဒါကြောင့်မို့ ဘယ်အချိန်တိုက်မယ်ဆိုတာ ကျွန်တော်တို့ ပြောစရာမလိုဘူး။ တဖြည်းဖြည်းတရွေ့ရွေ့နဲ့ပဲ ကျွန်တော်တို့ လူထုအားနဲ့ပဲ ဆက်သွားဖို့ရှိတယ်။ ဘာအစီအစဉ်ရှိတယ်ဆိုတာ ဘာမှလည်းပြောစရာလည်းမလိုဘူး။ ဒါပေမယ့် သေချာတာက ကျွန်တော်တို့ တစ်သက်လုံး ခံစစ်မလုပ်နိုင်ဘူး။ ဒီစစ်အာဏာရှင်ကျဆုံးရေးအတွက် လုပ်စရာရှိတာ ကျွန်တော်တို့ ဆက်လက်လုပ်သွားမယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီဘက်က နိုင်ငံတောင်ပိုင်းအတွင်း တပ်အင်အားဖြည့်တင်းတာ၊ လမ်းခရီးသွားလာတာ၊ လက်နက်ပစ္စည်းအပါအဝင် စားနပ်ရိက္ခာတွေကို ကုန်းလမ်းကနေ သယ်ယူပို့ဆောင်တာတွေ မပြုလုပ်တော့ဘဲ ပင်လယ်ရေကြောင်းကနေ အသုံးပြုမှုများလာတယ်လို့ ဒေသတွင်းတော်လှန် ရေးအဖွဲ့တွေက ဆိုကြပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက် မော်လမြိုင် – ရေး – ထားဝယ် – မြိတ် ကားလမ်းပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန်တတိယပတ်ကစပြီး ထိန်းချုပ်စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

နိုင်ငံတောင်ပိုင်းရဲ့ အစွန်ဆုံးဒေသဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်၊ ပုလော၊ တနင်္သာရီနဲ့ မြိတ်မြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး လက်နက် ကိုင်တပ်ဖွဲ့တို့ကြား ကြားဖြတ်တိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ လာမယ့်ပွင့်လင်းရာသီမှာ တနင်္သာရီတစ်ခုထဲမဟုတ်ဘဲ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ရေးတင်းမာလာဖို့ ရှိနေပြီး အဲဒီအတွက် ပြင်ဆင်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ပွင့်လင်းရာသီကတော့ ကျွန်တော်တို့ တနင်္သာရီတစ်ခုထဲမဟုတ်ဘူးပေါ့။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း စစ်ရေးတင်းမာလာဖို့ ရှိတယ်။ အဓိကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမယ့်အနေအထားတော့ ရှိတယ်ဗျ။ ဒီအတွက်ကို တော်တော်များများက ပြင်ဆင်ပြီး လှုပ်ရှားမှုတွေလည်း ရှိပါတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးအရ အသာစီးရနိုင်တဲ့ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေနဲ့ နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်ထားနိုင်ဆဲဖြစ်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း တစ်သောင်းကျော်အထိ ဖြစ်ပွားထားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.