ကိဗ်၊ စက်တင်ဘာ(၉) 

ယူကရိန်းပဋိပက္ခအတွင်း ကျူးဘားလူငယ်တွေကို ရုရှားစစ်တပ်မှာ တာဝန်ထမ်းဖို့ ဆွဲဆောင်ခဲ့တဲ့ လူကုန်ကူးသူ (၁၇) ဦးကို ဖမ်းဆီးထားတယ်လို့ ကျူးဘားအာဏာပိုင်တွေက ပြောပါတယ်။ 

ကျူးဘားဟာ သူ့ရဲ့မြေပေါ်မှာသာမက ရုရှားနိုင်ငံမှာပါ လုပ်ဆောင်နေတဲ့ ကွန်ရက်ကို ပျက်ပြယ်အောင် ဖြို ဖျက်ဖို့ လုပ်ဆောင်နေကြောင်း အခုသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 “စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်အနေနဲ့ အခုအချိန်အထိ ကျူးလွန်သူ (၁၇) ဦးကို ဖမ်းဆီးထားပြီး အဲဒီအထဲမှာ ဒီလှုပ်ရှားမှုတွေကို ဌာနတွင်းစီစဉ်သူလည်းပါတယ်” လို့ ကျူးဘားပြည်ထဲရေးဝန် ကြီးဌာနမှ ဗိုလ်မှူးကြီး ရိုဒရီဂွက်ဇ်က စက်တင်ဘာ (၇) ရက်နေ့နှောင်းပိုင်းမှာ တီဗွီအစီအစဉ် တစ်ခုသို့ ပြောကြားခဲ့ပါတယ်။ 

ရိုဒရီဂွက်ဇ်ဟာ အဲဒီအဖွဲ့တွင်း ပါဝင်ပတ်သက်သူတွေရဲ့ အမည်နာမတွေကို မဖော်ပြခဲ့ပါဘူး။ 

ဒါပေမယ့်အဖွဲ့ ခေါင်းဆောင်ဟာ ယူကရိန်းမှာ ရုရှားကိုယ်စား ငှားရမ်းတိုက်ခိုက်ဖို့အတွက် ကျူးဘားနိုင်ငံသားတွေကို ခေါ်ယူဖို့ ကျွန်းပေါ်တွင် နေထိုင်သူနှစ်ဦးအပေါ် မှီခိုပြုနေရတယ်လို့ ဆိုခဲ့ပါတယ်။ 

အဲဒီဖြစ်ရပ်အတွင်းပါဝင်ပတ်သက်သူတွေကို လူကုန်ကူးမှု၊ ကြေးစားအဖြစ် တိုက်ခိုက်မှု၊ ပြည်ပနိုင်ငံအပေါ် ရန်လိုမှုစတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုအမျိုးအစားပေါ်မူတည်ပြီး ထောင်ဒဏ် အနှစ် ၃၀၊ တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ အစိုးရရှေ့နေ ဂျိုးစ်က ပြောခဲ့ပါတယ်။ 

ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားနဲ့နိုင်ငံရေးအရ ခိုင်မာတဲ့ဆက်ဆံရေးရှိသော ရုရှားနိုင်ငံဟာ နိုင်ငံတွင်းစီးပွားရေး တိုးတက်မှုဆိတ်သုဉ်းနေခြင်းမှ လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ ကျူးဘား ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အရေးပါတဲ့ နေရာတစ်ခုအဖြစ် ကာလကြာရှည်စွာ ရှိနေခဲ့တာဖြစ်ပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လွန်ခဲ့တဲ့နှစ်မှာ ရုရှားစစ်တပ်တွင် စစ်မှုထမ်းဖို့ နိုင်ငံခြားသားတွေကို အမြန်နည်းနဲ့ နိုင်ငံသားခံယူခွင့်ပြုတဲ့အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲမှာ ပါဝင်ခြင်းမရှိဘူးလို့ ကျူးဘားက ပြောဆိုခဲ့ပြီး သူ့ရဲ့နိုင်ငံသားတွေကိုလည်း ကြေးစားစစ်သား တွေအဖြစ် အသုံးပြုခြင်းကို ပယ်ချကြောင်း ပြောကြားခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.