မြဝတီ၊ စက်တင်ဘာ(၇)

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း သေဆုံးသူ ၉ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မြဝတီခရိုင်ထွေအုပ်ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အပါအဝင် ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီးအောင်ထက်ဝင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံထံ ပို့ဆောင်ကုသထားစဉ် စက်တင်ဘာ ၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထပ်မံသေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ ဒုရဲမှူးမျိုးဝင်း၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်၊ ရဲဒုတပ်ကြပ်မျိုးမင်းတို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရတဲ့ မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီးအောင်ထက်ဝင်းလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ထွေအုပ်ရုံးဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၇၅)က မြဝတီရှေ့တန်းရုံး၊ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းလည်း သေဆုံးထားတာ ဖြစ်ပါတယ်။

မြဝတီခရိုင်ထွေအုပ်ရုံးကို ဒရုန်းနဲ့တိုက်ခိုက်ပြီးနောက် Federal Wings ဒရုန်းတပ်ဖွဲ့က လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာန၊ တပ်စခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

သတင်း-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.