မြဝတီ- စက်တင်ဘာ(၆)

လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာန၊ တပ်စခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာ ကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအရာရှိအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ကရင် ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို ဒရုန်းတိုက်ခိုက်မှုအပြီးမှာ Federal Wings ဒရုန်းတပ်ဖွဲ့က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့က မိမိတို့အနေနဲ့ စစ်ကောင်စီတပ်တွေကိုသာ တော်လှန်တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ထိခိုက်စေဖို့ ရည်ရွယ်တာကြောင့် လက်နက်မကိုင်ထားတဲ့ မိသားစုဝင်တွေကို ရုံးနဲ့ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာပေးဖို့ သတိပေးရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုတွေဟာ တိကျမှုရှိတာမှန်ပေမယ့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တာကြောင့် ဒေသခံတွေ ထိခိုက်တာမရှိဖို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ရုံး၊ တပ်စခန်းတွေနဲ့ဝေးရာအရပ်သို့ ပြောင်းရွှေ့နေထိုင်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က မြဝတီမြို့နယ် ထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း ၊ မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်နဲ့ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ မောင်းသူမဲ့ဒရုန်း အသုံးပြုမှုတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ သြဂုတ်(၂၁)ရက်က အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့မှာ ကျင်းပတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ဝန်ခံပြောဆိုထားပါတယ်။

ပြည်သူလူထုရဲ့ တော်လှန်ရေး ရန်ပုံငွေတွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေထံ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ဝါဒဖြန့်ချီရေးအတွက် အသုံးပြုဖို့ Drone အစင်းရေ ၄၀၀ ကျော် ထောက်ပံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သြဂုတ်၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.