“စစ်ခေါင်းဆောင်ကနိုင်ငံတကာကြားကောင်းအောင်ပြောနေမှာ။ဒါပေမယ့်ကျွန်တော်တို့နိုင်ငံကလက်ရှိတော့မဖြစ်နိုင်ပါဘူး” 

အရေးပေါ်သက်တမ်း (၆) လ ထပ်တိုးယူထားတဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေပြီးမှသာ ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ စက်တင်ဘာလ(၁)ရက်နေ့မှာ ပြောဆိုခဲ့တာပါ။ 

ရွေးကောက်ပွဲအတွက် စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာဒေသတွေဆီ ရောက်ရှိရင် လူဦးရေစာရင်းကောက်ယူမှုတွေ စောလျင်စွာ ပြုစုပြီးစီး နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။ 

စစ်ကောင်စီ ကောက်ယူမယ့် မဲစာရင်းတွေဟာ တိကျမှန်ကန်မှု ဖြစ်နိုင်မလား၊ မဲပေးစက်သုံးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

၁။ အရင်ဆုံး စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူပြီးသွားရင် ရွေးကောက်ပွဲ လုပ်သွားမယ်လို့ ပြောဆိုပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

လက်ရှိစစ်ကောင်စီအနေနဲ့ သူ့ရဲ့ ထွက်ပေါက်တစ်ခုက ရွေးကောက်ပွဲပေါ့။ သူက ရွေးကောက်ပွဲ ရဲ့ ဥပဒေရဲ့ အားနည်းချက်တွေပေါ့ ။ သူရွေးကောက်ပွဲလုပ်မယ်ဆိုတာက ကျွန်တော်တို့က မြို့နယ် (၃၃၀)မြို့နယ်ကို အခြေခံပြီးတော့မှ မဲစာရင်းကောက်တယ်ဆိုတဲ့ဟာတွေ ပါတယ်ပေါ့ ဘယ်နှစ်မြို့နယ်လုပ်ရင် ရွေးကောက်ပွဲက အထမြောက်တယ်ဆိုတာ မပါဘူး။ မဲပေးခြင်း (၃၀)ရာခိုင်နှုန်းထက်ကျော်ရင်တော့ ရွေးကောက်ပွဲအထမြောက်တာ ရှိတယ်။ သူလုပ်လို့ရတဲ့နေရာကို ရွေးကောက်ပွဲတဖက်သတ်လုပ်ပြီးတော့ သူဒါကိုဖြစ်မြောက်အောင် သူ့ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်မှာပေါ့။ မဲစာရင်းကောက်ဖို့ဆိုတာတော့ လက်ရှိကတော့ သူထိန်းချုပ်ထားတဲ့ နယ်မြေအဓိက ကတော့ သူနဲ့သဟဇာတဖြစ်တဲ့ အဲ့လိုမျိုးနေရာတွေကို မဲစာရင်းကောက်ပြီးတော့ ရွေးကောက်ပွဲကို မဲပေးခွင့်ရှိလို့ မဲမပေးလည်းရတယ်ဆိုတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေအရ ရွေးကောက်ပွဲကို သူမဖြစ်မနေလုပ်မယ်။ ဒါက သူ့ရဲ့ထွက်ပေါက်တစ်ခုပေါ့။ 

၂။ ရွေးကောက်ပွဲမှာ မဲပေးစက်သုံးဖို့ စစ်ကောင်စီ ကြိုးပမ်းနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။ 

ကျွန်တော်တို့ထက် ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်မှ ဒါတွေကအားနည်းချက်တွေ ရှိတယ်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ IDကတ်တွေလုပ်ပေးမယ်ဆိုပြီးပြည့်ပြည့်ဝဝမလုပ်နိုင်ဘူး။ မီးကလည်း ပုံမှန်မလာဘူး။လက်ရှိကတော့ သူက နိုင်ငံတကာကြားကောင်းအောင် သူကတော့ ပြောနေမှာ ပေါ့။ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက လက်ရှိတော့ မဖြစ်နိုင်ပါဘူး။

၃။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ တိုင်းပြည်မတည်ငြိမ်မှုတွေကြားမှာ တိကျမှန်ကန်တဲ့ မဲစာရင်းရနိုင်မလား။ သုံးသပ်ပေးပါဦး။ 

မဲစာရင်းမှားယွင်းတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံမှာက ၁၉၉၀ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ၂၀၁၀မှာ ရွေးကောက်ပွဲစတာ။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေအရ လူဉီးရေသန်းခေါင်းစာရင်းတောင်မှ ပြည့်ပြည့်ဝဝကောက်လို့ မှတ်ပုံတင် တွေကအစ စီမံချက်တွေ အမျိုးမျိုးလုပ်နေပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အားနည်း ချက်ကြောင့် မှန်ကန်မှု မရှိသေးဘူး။ သူတို့ဘယ်ပုံစံပေါ်အခြေခံပြီး လုပ်လဲဆိုတော့ ပုံစံ၆၆အိမ်ထောင်စုဇယားပေါ် အခြေခံပြီး မဲစာရင်းကို ပြုလုပ်တာ။ မဲစာရင်းနဲ့ပဲ ရွေးကောက်ပွဲကျင်းပခဲ့တယ်။ ၂၀၁၀ရွေးကောက်ပွဲ ဖြစ်လာတယ်။ ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲကစ ဒီအပေါ်မှာပဲ အခြေခံတာ။ အဲ့ဒါကို မဲစာရင်းမှားယွင်းတယ်ဆိုပြီးတော့ အာဏာသိမ်းလိုက်တော့  သူကိုယ်တိုင်က စမှားနေတယ်။ ဘယ်လိုစစ်စစ်  မဲစာရင်းက အားနည်းချက်ရှိတယ်။ မဲစာရင်းကမှားယွင်းဦးမှာပါပဲ။ 

၄။ နောက်ဆုံးအနေနဲ့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီရဲ့ မဲစာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

ရွေးကောက်ပွဲတွေမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ မှားနေဉီးမှာပဲ။ လက်ရှိအခြေအနေအရ ကျေးလက်ဒေသတွေမှာ မှတ်ပုံတင်မရှိတဲ့ သူတွေ သန်းခေါင်စာရင်းမရှိတဲ့ သူတွေ အများကြီး။ ဒီစာရင်းတွေရဖို့ဆိုတာက နိုင်ငံတော်ဘတ်ဂျတ်သုံးရမယ်။ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရမယ်။ ကျွန်တော်တို့နိုင်ငံမှာ သုံးဖို့ဘတ်ဂျတ်က အဲ့ထဲကို အဲ့လောက်အများကြီး မပေးနိုင်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ အဓိက အများဆုံး ဘတ်ဂျတ်သုံးနေတာ စစ်အသုံးစရိတ်အတွက် သုံးနေတယ်။ကျန်တဲ့နေရာတွေ ဘတ်ဂျတ်အပြည့်မပေးနိုင်ဘူး။ခုနလို နောင်ရွေးကောက်ပွဲတွေမှာလည်း ဒီအချိန်လို ရွေးကောက်ပွဲတကယ်မှန်ကန်လာဖို့ ဆိုတာက ကျွန်တော်တို့ဥပဒေနဲ့ ကြပ်မတ်ဖို့ဆိုတာက အချိန်ပေးပြီးတော့ လုပ်ရမယ့်ကိစ္စ။သူက ကြားကောင်းအောင် ပြောဖို့ဆိုတာထက် လက်ရှိကိုယ့်အခြေအနေလည်း သိဖို့လိုတာပေါ့နော်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.