မော်လမြိုင် – စက်တင်ဘာ(၆)

မြန်မာနောင်း သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ခုံရုံးက အလုပ်ကြမ်း နဲ့ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်ချိန်မှာ သတင်းသွားယူတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ(၆) ရက်နေ့မှာ အလုပ် ကြမ်း နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

“သတင်းထောက်လုပ်တဲ့သူကို ဒီလောက်ထောင်ချတာက အငြိုးနဲ့ လုပ်သလိုဖြစ်နေတာ ကျွန်တော်တို့ကတော့ မကျေနပ်ဘူး။ လောလောဆယ်တော့ သူနဲ့ မတွေ့ရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်တပ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက တစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၁) ရက်နေ့အထိ အနည်းဆုံး သတင်းသမား (၄၂) ဦးအကျဉ်းကျခံနေရတယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က CPJ က ဖော်ပြထားပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ သတင်းသမားအများစုဟာ ဆူပူအောင်လှုံ့ဆော်မှု၊သတင်းမှား ဖော်ပြမှုစတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ်(၂) နှစ်ကနေ (၃) နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်က သတင်းထောက်ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Myanmar Now

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.