ဘီးလင်း – စက်တင်ဘာ(၆)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာကို စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အင်အားဖြန့်ခွဲကာ ကင်းပုန်းလာဝပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတာကြောင့် အလူးလေး၊ အလူးကြီး၊ ဝင်းပြန်၊ အလယ်ရွာ၊ အနောက်ရွာလေးအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
အလူးလေးဒေသခံတွေဟာ မနေ့က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိပြီး လက်ရှိမှာ စစ်ကြောင်းထပ်ဝင်လာလို့ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦးကျဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။
နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အလူးလေးဒေသကို စစ်ကောင်စီတပ်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ