နေပြည်တော် – စက်တင်ဘာ(၆)

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်တွေနဲ့ အခြေခံမူတွေကို တိကျစွာ လေးစားလိုက်နာပြီး အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်(၅) ချက်အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေဟာ အပြုသဘော မဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ တဖက်သတ်ဆန်ပြီး မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေပါရှိတဲ့အတွက် စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၅) ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်နိုင်တာ မရှိဘူးလို့ အာဆီယံ ခေါင်းဆောင်တွေက ပြောထားပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅) ပါ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားမူနဲ့ သွေဖယ်လျက် မြန်မာနိုင်ငံရဲ့ အခွင့်အရေးဖြစ်တဲ့ တန်းတူရည်တူကိုယ်စားပြုမှုကို ငြင်းပယ်ခဲ့တဲ့အတွက် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကို မြန်မာနိုင်ငံက တက်ရောက်ခြင်း မပြုခဲ့ဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဖော်ပြပါ ထုတ်ပြန်ချက်(မူကြမ်း) ကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Asean

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.