နေပြည်တော်၊ စက်တင်ဘာ ၆

စစ်တပ်အာဏာသိမ်းမှုကြောင့် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေပြီး ပြင်ပသမားတော်တစ်ဦးနဲ့ ဆေးကုသခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ Reuter (ရိုက်တာ) က ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန ဆရာဝန်တစ်ဦးက ကုသပေးနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

“သူမဟာ သွားဖုံးရောင်ရမ်းနေပြီး ကောင်းကောင်းမစားနိုင်ပဲ ဖြစ်နေတယ်။ ပြီးတော့ အန်လည်အန်တယ်။ ခေါင်းလည်း ကိုက်နေတယ်” လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ ရိုက်တာက ဖုန်းခေါ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရာဇဝတ်မှု ၁၉ မှုနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၇ နှစ်ကြာ ပြစ်ဒဏ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ရိုက်တာက အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

Refer-Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.