မော်လမြိုင် – စက်တက်ဘာ(၆)

အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာပါ။

အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အရ မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစတဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံလူထုဖိုရမ်က မြန်မာပြည်သူတွေအနေနဲ့ လက်ရှိမှာ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီအရေးတွေအပြင် စိန်ခေါ်မှုတွေများပြားတဲ့ အချိန်ကို ကြုံတွေ့နေရတဲ့အတွက် လူထုဖိုရမ်မှာ ပါဝင်နေကြတဲ့ နိုင်ငံအသီးသီးရဲ့ ပြည်သူအားလုံးဟာ မြန်မာလူထုတွေနဲ့ အတူရှိတယ်လို့ အသိပေးထားပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်ကတော့ အာဆီယံလူထုဖိုရမ်ရဲ့ ထုတ်ပြန်ချက်ကို လက်ခံကြိုဆိုပြီး အာဆီယံအဖွဲ့ဝင်အစိုးရတွေအနေနဲ့ ကိုယ့်ပြည်သူရဲ့ သဘောထားကို လေးစားလိုက်နာပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေ သံတမန်ရေးအရ ဆက်ဆံနေတာတွေကို ရပ်တန့်ပစ်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့ လက်ခံကြိုဆိုတယ်။ဒါက စစ်ကောင်စီအတွက် နိုင်ငံတကာ သံတမန်ရေးရာမှာ ထိုးနှက်ချက်တစ်ခုဖြစ်တယ်။အာဆီယံဒေသတွင်းနိုင်ငံတွေကို တောင်းဆိုချင်တာက အစိုးရမဟုတ်တဲ့ အရပ်ဘက်ပြည်သူတွေ စုပေါင်းထားတဲ့အဖွဲ့အစည်းတွေ ထုတ်ပြန်ချက်ဖြစ်တယ်။သူတို့ရဲ့ သဘောထားဖြစ်တယ်။ဒါကြောင့်မို့ ကိုယ့်ပြည်သူရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာပြီး နားလည်လက်ခံပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေ။နောက်ပြီး သူတို့နဲ့ သံတမန်ရေး ဆက်ဆံနေတာတွေကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်ပစ်ဖို့ လိုတယ်”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊အမျိုးသားအတိုင်ပင်ခံကောင်စီ NUCCနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ERO တို့နဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ပြီး အဲဒီကနေတဆင့် ချိတ်ဆက်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချက်ချင်းပံ့ပိုးပေးဖို့ တောင်းဆိုထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံလူထုဖိုရမ်ရဲ့ ထုတ်ပြန်ချက်ဟာ အခြေအနေနဲ့ ကိုက်ညီပေမယ့် အာဆီယံအစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ သဘောထားမဟုတ်တဲ့အတွက် စစ်ကောင်စီအပေါ် သက်ရောက်မှု ရှိမလာနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အာဆီယံလူထုဖိုရမ်ရဲ့ ထုတ်ပြန်ချက်က အခြေအနေနဲ့ မှန်ကန်ကိုက်ညီပါတယ်။အကြမ်းဖက်မှုတွေ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းပစ်ဖို့ ဆိုတဲ့ကိစ္စတွေက အတော်ကောင်းတဲ့ ကိစ္စတွေပါ။သို့သော် အဲဒီဆုံးဖြတ်ချက်က ကောင်းမွန်သော်လည်း တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် လမ်းတော့ မဟုတ်ပါဘူး။အဲဒီလို သက်ရောက်မှုလည်း ရှိမလာနိုင်ပါဘူး။ဘာကြောင့်လဲဆို အာဆီယံအစိုးရအဖွဲ့ ထိပ်သီးတွေအစည်းအဝေးက ထုတ်ပြန်တာလည်း မဟုတ်ဘူး။အဲဒီ အစိုးရအဖွဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားလည်း မဟုတ်ဘူး။အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ကနေ ဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ဖို့တောင်မှ စစ်ကောင်စီက မလိုက်လျောတာ။ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စုပေါင်းထားတဲ့ အင်အားစုကနေပြီး သဘောထားတွေ ထုတ်ပြန်တာဟာ စစ်ကောင်စီအတွက် ဘယ်လိုမှ ကောင်းမွန်တဲ့ ဖိအားတွေ ကောင်းမွန်တဲ့ ရလဒ်တွေကို ရလာနိုင်အောင် ဖိအားပေးနိုင်တဲ့ အကြောင်းပြချက်မရှိဘူးလို့ ကျွန်တော်က ယုံကြည်ပါတယ် ခင်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဒီကနေ့အထိ အကောင် အထည် မဖော်နိုင်ခဲ့တဲ့အပေါ် အာဆီယံလူထုဖိုရပ်ရဲ့ ကြေညာချက်ကလည်း သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်အစိုးရတွေက အလေးထားလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အပေါ် စစ်ကိုင်းတိုင်း နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူ ကိုလွမ်းသူက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အာဆီယံနိုင်ငံ အစိုးရတွေကိုယ်တိုင် သိနေပေမယ့် အကန့်အသတ်တွေရှိနေတဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရဲဝံ့စွာ ပေါင်းစပ်အသိအမှတ်ပြုနိုင်ဖို့ အားနည်းနေမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တစ်စုံတစ်ရာ အသိအမှတ်ပြုဆက်ဆံတာ ရှိကောင်းရှိလာနိုင်ပါတယ်။ဒါပေမယ့် နိုင်ငံတကာအခင်းအကျင်းကတော့ အကျိုးစီးပွားကို အဓိက အခြေခံတာဖြစ်တဲ့အတွက် အလုံးစုံ လုံးဝဆက်ဆံလာနိုင်တဲ့ အခြေအနေတော့ ရှိလာနိုင်ဖို့ မရှိသေးဘူးလို့ မြင်ပါတယ်။ဘာကြောင့်ဆို ဒီအခင်အကျင်းက လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ်နေတဲ့အရာတွေကို သိသိသာသာ မြင်သာထင်သာရှိအောင် ဆောင်ရွက်နေတဲ့အချိန်မှာတောင် ကမ္ဘာကြီးက ယနေ့အချိန်ထိ လက်ပိုက်ကြည့်နေနိုင်သေးတာဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေရဲ့ အစိုးရတွေကိုယ်တိုင်ကလည်း ဒါတွေကို သိတယ်။သိပေမယ့်လည်း သူတို့မှာ အကန့်အသတ်တွေရှိနေတဲ့အခါမှာ ရဲဝံ့စွာ လုပ်ကိုင်ဆောက်ရွက်နိုင်မှု အားနည်းနေတာဖြစ်တဲ့အတွက် လက်တွေ့ကျကျတော့ အသိအမှတ်ပြု ပေါင်းစပ်နိုင်ဖို့ အားနည်းနေမယ်”လို့ သူက ဆိုပါတယ်။

အာဆီယံလူထုဖိုရမ်မှာတော့ အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာရှိတဲ့ နိုင်ငံ့ကိုယ်စားပြု အရပ်ဘက်အဖွဲ့တွေ၊ ဒီမိုကရေစီရေး တက်ကြွသူတွေက စုဝေးဆွေးနွေးခဲ့ကြတာပါ။

လက်ရှိမှာလည်း အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပနေပြီး စစ်ကောင်စီ လိုက်နာဖို့ ပျက်ကွက်နေတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ထည့်သွင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – APF Forum

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.