မော်လမြိုင် – စက်တင်ဘာ(၆)

မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ကျူရှင်စနစ်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ပြန်လည်ကြီးစိုးလာပြီး ကျောင်းသူ၊ကျောင်းသားတွေကို မဖြစ်မနေ ကျူရှင်ပို့ရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ ကျောင်းသား မိဘတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီမိုကရေစီအရပ်သား အစိုးရလက်ထက်က ဖိနှိပ်ထားတဲ့ ကျူရှင်စနစ်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ပြန်လည် ခေါင်းထောင်လာပြီး သူငယ်တန်းကအစ မဖြစ်မနေ ကျောင်းပြင်ပချိန်တွေမှာ ကျူရှင်တက်ရောက်လာရပါတယ်။

အခြေခံကျောင်းပညာရေးကို အခမဲ့ပညာရေးစနစ်လို့ သတ်မှတ်ထားပေးမယ့် လက်ရှိမှာတော့ ကျောင်းသူ၊ကျောင်းသား ကလေးငယ်တွေဟာ မဖြစ်မနေ ကျူရှင်တက်ရောက်နေရတာကြောင့် အပိုငွေကြေးနဲ့အချိန်တွေပါ ကုန်ကျနေရတယ်လို့ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

ကျောင်းသားမိဘ တစ်ဦးကတော့ ကလေးတွေရဲ့ပညာရေးအတွက် ကျူရှင်လခ လုံးပန်းနေရတာကြောင့် မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုနဲ့အတူ မိသားစုစားဝတ်နေရေးကိုပါ ထိခိုက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျောင်းမှာကတော့ စာသင်ခန်း တစ်ခန်းထဲမှာ လူက ၆၀လောက် ဖြစ်နေမယ်ဆိုလို့ရှိရင် ဆရာမ တစ်ယောက်နဲ့က ဘယ်လိုမှ မနိုင်တော့ဘူးလေ။ အဲဒီမှာ သင်ကြားမှုစနစ်ပိုင်းမှာ လိုလိမ့်မယ်၊ လိုတဲ့အတွက်ကို ကျူရှင်ဆိုတာပေါ်လာတာ။ အဲဒီမှာမှ ကျွန်မတို့က ထပ်ပြီးတော့ ပြန်ခွဲမယ်ဆိုလို့ရှိရင် အတန်းပိုင် ဆရာမဆီမှာ ကျူရှင်တက်တာနဲ့ ရိုးရိုးကျူရှင်တက်တာနဲ့တောင် မတူတော့ဘူးပေါ့၊ ကျောင်းက ဆရာမ ဆီမှာ တက်တဲ့ ကလေးတွေကတော့ အော်တိုမစ်တစ် အမှတ်တွေကတက်သွားမှာပေါ့။ ဥပမာ- အေဆို အေကြီးပဲ ရသွားမယ်။ အဲဒီလိုမျိုး ဒီဘက်မှာ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေကတော့ အမှတ်စာရင်းတွေ နည်းသွားတဲ့ အတွက် ကျောင်းသား အချင်းချင်းထဲမှာဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များလာနိုင်တယ်။ မရှိတဲ့သူတွေ အတွက်ကတော့ အဲဒီ ကျူရှင်လခကို လုံးပန်းရင်းနဲ့ အဓိက လိုအပ်နေတဲ့ စားဝတ်နေရေးပိုင်းမှာ ကျွန်မတို့ လျော့ရတဲ့ဟာတွေ ရှိတဲ့ အတွက် ကလေးတွေက ဖွံ့ဖြိုးမှု အပိုင်းမှာ သွားထိမှာပဲ”လို့ သူကဆိုပါတယ်။

ကျောင်းသူ၊ကျောင်းသား ကလေးငယ်တွေကို ကျောင်းပြင်ပ ကျူရှင်သင်ကြားရာမှာ ငွေကြေးတတ်နိုင်တဲ့ မိသားစုဝင် တွေအနေနဲ့ အခက်အခဲမရှိပေမယ့် အခြေခံလူတန်းစားမိဘတွေအဖို့ အပိုငွေကုန်ကျမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

CDM ကျောင်းဆရာ တစ်ဦးကတော့ စစ်ကောင်စီလက်ထက် အခြေခံပညာကျောင်းတွေမှာ အချိန်ပိုဆိုပြီး ခေါ်ယူကာ အခကြေးငွေနဲ့ သင်ကြားနေတာကြောင့် ကျူရှင်တွေဟာ ကျောင်းထဲရောက်လာသလို KG တန်းကအစ ကျူရှင်တက်နေရပေမယ့် ငွေကုန်ပြီး ပညာမရကြဘူးလို့ ဝေဖန်တာပါ။

“တချို့ အခြေခံပညာကျောင်းတွေ ဘယ်လောက်ထိ အခြေအနေ ဆိုးနေလည်းဆိုရင် အချိန်ပို ဆိုပြီးခေါ်တယ်။ အဲဒီ အတွက် အချိန်ပိုကြေး ဘယ်လောက်ဆိုပြီး တောင်းတယ်။ အခု ဆရာမတွေ လုပ်ပုံက အဲဒီအကွက်ဖြစ်နေတယ်။ ဆိုတော့ ကလေးတွေက ကျောင်းချိန်ပြီးတာနဲ့ အဲဒီ အခန်းမှာဘဲ ဆက်သင်ကြတယ်။ (၄)နာရီ ဒါမှမဟုတ် (၄)နာရီခွဲပေါ့ အဲဒီ အခါကျမှ လွှတ်တာပေါ့။ အဲဒီလို ကလေးတွေကို အချိန်ပိုကြေး ဆိုပြီး ကောက်ခံပြီးတော့ အဲဒီ အချိန်ပိုကြေးရဲ့ ရာခိုင်နှုန်းက ကျောင်းအုပ်ကို ပေးရသေးတယ်။ အဲဒီ အတန်းပိုင်ဆရာမက ကျောင်းအုပ်ကို ရာခိုင်နှုန်း တချို့ပေးပြီး ကျန်တာ အတန်းပိုင်ဆရာမ ရတာပေါ့။ ကျူရှင်က အပြင်မှာတောင် မဟုတ်တော့ဘူး တဖြည်းဖြည်းနဲ့ ကျောင်းထဲ ဝင်သွားပြီလို့တောင် ပြောလို့ရတယ်။ KGမှာကတည်းက ကျူရှင် တက်ရတယ်။ ဒါပေမယ့် ငွေကုန်တာဘဲ ငွေကုန်ပေမယ့် ရလာခဲ့တဲ့ အကျိုးကျေးဇူးကတော့ အမှန်တိုင်း ပြောရရင် အဲဒီ ကျောင်းထဲမှာ ဖြစ်နေတဲ့ ပုံစံက ငွေလိုချင်ယုံ သက်သက်ပဲ ပညာမပေးဘူး”လို့ သူကဆိုပါတယ်။

ကျောင်းသားမိဘတွေ အဆိုအရ ကလေးငယ်တွေရဲ့ ကျူရှင်စရိတ်အဖြစ် KG တန်းကနေ Grade 12 အထိ တစ်လလျှင် ကျပ် တစ်သောင်းကနေ ကျပ် တစ်သိန်းကျော်အထိ ပေးဆောင်နေရသလို ပြင်ပကျူရှင်တွေမှာ ဘာသာရပ်အပေါ် မူတည်ပြီး တစ်ဘာသာကို ကျပ် သုံးသောင်းကနေ ငါးသောင်းအထိ ပေးဆောင်ရတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဟာ ကျောင်းဆရာ၊ဆရာမကို မည်သည့်အခကြေးငွေမျှ ကောက်ခံတာနဲ့ လက်ခံတာ မပြုရ၊ ငွေကြေးနဲ့လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရအပါအဝင် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချတာ မပြုလုပ်ဖို့ စည်းကမ်းချက် ထုတ်ပြန်ထားပေမယ့် ကျူရှင်စနစ်အပေါ် တစ်စုံတစ်ရာ ညွှန်ကြားထားတာ မရှိပါဘူး။

NLD အစိုးရလက်ထက်တုန်းကတော့ အမြစ်တွယ်နေတဲ့ ကျူရှင်စနစ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် ကျောင်းဆရာ၊ဆရာမတွေ ကျူရှင်မသင်ရစနစ်ကို ကျင့်သုံးပြီး ပညာရေးကဏ္ဍမြှင့်တင်ဖို့ ကြိုးပမ်းခဲ့တာပါ။

ပညာရေးအသိုင်းအဝိုင်းကတော့ ကျူရှင်စနစ်ကြောင့် မြန်မာပညာရေး နိမ့်ကျနေတာဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ အရည်အသွေး တိုးတက်လာအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြပါတယ်။

မြန်မာပညာရေးကဏ္ဍဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျောင်းဆရာ၊ဆရာမ အများစု ပါဝင်သွားတဲ့အတွက် ပညာရေးဆုတ်ယုတ်ခဲ့ရတာပါ။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဆရာ၊ဆရာမလိုအပ်ချက်အတွက် အရည်အချင်း သေချာမစိစစ်ဘဲ ဆွဲခန့်တာတွေကြောင့် အခြေခံပညားရေးကဏ္ဍကအစ ထိခိုက်မှုတွေ ရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဝေဖန်တာပါ။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ကျောင်းသူ ၅၂ သိန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.