“အာဆီယံလူထုဖိုရမ်ကနေပြီးတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာ ပထမတစ်ခုကတော့ သူ့အတွက် ဂုဏ်သိက္ခာအရ ပထမကျဆင်းသွားတယ်ပေါ့။ သံတမန်ရေးရာအရလည်း နောက်ဆက်တွဲတွေ အကျိုးဆက်တွေ ရှိလာနိုင်မယ်”

အာဆီယံဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာပါ။ အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်အရ မြန်မာစစ်တပ်ဟာ အင် တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစတဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇ ဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အာဆီယံလူထုဖိုရမ်ကနေ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့ ကြေညာမှု၊ မြန်မာစစ်တပ်အတွက် သံ တမန်ရေးရာ ဂုဏ်သိက္ခာ ဘယ်လောက်အထိ ရိုက်ခတ်နိုင်လဲ။ အာဆီယံနိုင်ငံအစိုးရတွေက တော်လှန်ရေး အင်အားစုတွေနဲ့ တရားဝင် ဆက်ဆံလာနိုင်မလား။ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ပြောခွင့်ရ ကိုလွမ်းသူနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်အုပ်စုကို အာဆီယံလူထုဖိုရမ်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ မြန်မာစစ်တပ်အတွက် သံတမန်ရေးအရရော ဂုဏ်သိက္ခာအရပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်မလား။

အာဆီယံလူထုဖိုရမ်ဆိုတည်းက အာဆီယံလူထုအသိုက်အဝန်းတခုလုံးကို  ရည်ညွှန်းတယ်လို့ မြင်တယ်။ အာဆီယံလူထုဖိုရမ်ကနေပြီးတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တဲ့အပေါ် ပထမတစ်ခုကတော့ သူ့အတွက် ဂုဏ်သိက္ခာအရ ပထမကျဆင်းသွားတယ်ပေါ့။ သံတမန်ရေးရာ အရလည်း နောက်ဆက်တွဲတွေ အကျိုးဆက်တွေကနေ ရှိလာနိုင်မယ်လို့တော့ ကျွန်တော်တို့ ယူဆပါတယ်။

ဘာကြောင့်ဆို ဒီသံတမန်ရေးရာအရက ဒီလူထုဆီကနေလာတဲ့ အာဆီယံပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ မဟုတ်ပဲ မြန်မာ့အရေးကို အာဆီယံမှာရှိသော လူထုတွေအားလုံးကပါ ဒီဥစ္စာကို ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာတော့ သေချာတယ်။ ပထမအချက်က ဂုဏ်သိက္ခာအရ ကျဆင်းမယ်။ ဒုတိယအချက် က သံတမန်ရေးရာအရ နောက်ဆက်တွဲတွေ ဆက်လက်ပြီးတော့ ရိုက်ခတ်မှုတွေ သေချာပေါက်ရှိလာပါလိမ့် မယ်။

၂။ အာဆီယံလူထုဖိုရမ်ရဲ့ ကြေညာချက်ကြောင့် သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေရဲ့ အစိုးရတွေက လက်ခံပြီး စစ်တပ်ကိုတစ်စုံတစ်ရာ အရေးယူတာတို့၊ နောက်တော်လှန်ရေးအင်အားစုတွေကို တရားဝင်ဆက်ဆံဖို့က လက်ရှိမှာ ဖြစ်နိုင်ရဲ့လား၊ ဘယ်လိုမြင်ပါလဲ။

တီမောက သူတို့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ကို ဖိတ်ကြားခဲ့တယ်ဆိုတာလည်း အားလုံးသိတယ်။ ဆိုတော့ အာဆီယံလူထုဖိုရမ်ကနေ ထုတ်ပြန်တဲ့ ဒီကိစ္စရပ် တွေ တောင်းဆိုတဲ့ကိစ္စရပ်တွေဟာ တချို့သော လက်ရှိဆိုလည်း မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့ အစရှိတဲ့ နိုင်ငံတွေကလည်း အကြမ်းဖက်စစ်အုပ်စုအပေါ်မှာ ဖိအားပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ဖိအားပေးဖို့ အမြဲမပြတ် ပြောနေတာကို ကျွန်တော်တို့သိတယ်။

အဲဒီတော့ အာဆီယံအနေနဲ့ တစ်စုံတစ်ရာ အသိအမှတ်ပြုဆက်ဆံတာမျိုး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံတကာအခင်းအကျင်းကို ဘာကိုအဓိက အခြေခံလဲဆိုတော့ အကျိုးစီးပွားကို အဓိကအခြေခံတယ်လို့လည်း ကျွန်တော်တို့ ပြောလို့ရတာဖြစ်တဲ့အတွက် အလုံးစုံကြီးဆက်ဆံလာနိုင်ဖို့ မရှိသေးဘူးလို့ ကျွန်တော်မြင်ပါတယ်။

၃။ နောက်ဆုံးအနေနဲ့ အာဆီယံလူထုဖိုရမ်ကနေ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ဒီအခင်းအကျင်းက လက်ရှိမှာ ကျွန်တော်တို့က အကြမ်းဖက်စစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ်နေတဲ့ အရာတွေကို သိသိသာသာမြင်သာ ထင်သာရှိအောင် ဆောင်ရွက်နေတဲ့အချိန်မှာ ကမ္ဘာကြီးက ယနေ့အချိန်အထိ လက်ပိုက်ကြည့်နေနိုင်သေးတဲ့အတွက် အာဆီယံနိုင်ငံတွေကလည်း သိပေမယ့်လည်း သူတို့မှာ အကန့် အသတ်တွေ ရှိနေတဲ့အတွက် ရဲဝံ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်မှု အားနည်းနေတာ ဖြစ်တဲ့အတွက် လက်တွေ့ ကျကျတော့ အသိအမှတ်ပြု ပေါင်းစပ်နိုင်ဖို့ အားနည်းနိုင်ဦးမယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.