ကျွန်းစု – စက်တင်ဘာ (၆)

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးအဖွဲ့ ခေါင်းဆောင်ပိုင် တရားမဝင် ခဲမိုင်းလုပ်ကွက်ကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့နယ် ပကဖ အဖွဲ့ ထုတ်ပြန်ပါတယ်။

ပဲ့တိုင်ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးကြည်လှနဲ့ဦးစိုးမင်းတို့ လုပ်ကိုင်နေတဲ့ ခဲမိုင်းလုပ်ကွက်ရှိ စက်ပစ္စည်းတွေနဲ့ တဲတွေကို စက်တင်ဘာ ၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။

အဲဒီခဲမိုင်း လုပ်ကွက်ဟာ ပြည်သူ့ပိုင်မြေကို မတရားသိမ်းယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ လက်နက်အားကိုးနဲ့ လုပ်ကိုင်နေတဲ့အတွက် ဝင်ရောက်ဖျက်ဆီးရတာလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခဲမိုင်းလုပ်ကွက်ကို သွားရောက်ဖျက်ဆီးချိန်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ခဲမိုင်းလုပ်သားတွေ မတွေ့ရဘဲ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကိုသာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးကြည်လှ ပိုင်ဆိုင်တဲ့ ခဲမိုင်းလုပ်ကွက်ဟာ မတရားသိမ်းယူထားတဲ့ မြေဧက ၆ ဧက ၊ လုပ်ကွက် ၃ ကွက်ရှိကာ ခဲတူးဖော်ခြင်းကနေ လစဉ် ဝင်ငွေကျပ် သိန်း ရာနဲ့ချီ ရရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြောဆိုချက်အရ သိရပါတယ်။

ကျွန်းစုမြို့နယ်ထဲမှာ အာဏာမသိမ်းခင်က အစိုးရခွင့်ပြုချက်နဲ့လုပ်ကိုင်နေတဲ့ ခဲမိုင်းအကြီးတွေသာ ရရှိပြီး စစ်ကောင်စီလက်ထက်မှာတော့ တရားမဝင် တနိုင်တပိုင်ခဲမိုင်းတွေ ပေါလာပြီး လုပ်ပိုင်ခွင့်ရဖို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေထံ ဆက်ကြေးပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.