ကျောက်ကြီး- စက်တင်ဘာ (၆)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ကျောက်ကြီးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခလရ(၂၆၄)ကနေ နရွဲပင်ကျေးရွာထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီခလရ(၂၆၄)တပ်ကနေ နွားရေချောင်းကျေးရွာထဲကို လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း သမင်အင်းကုန်းကျေးရွာထဲကို ရိက္ခာပြန်လာယူတဲ့ စစ်ရှောင်ဒေသခံ ၂ ဦးဟာ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်ခဲ့စဉ်အချိန်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးနှိပ်စက် ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.