ညောင်လေးပင်၊ စက်တင်ဘာ(၅)

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းကျော်အထိရှိလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် မဟာ(၃) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာနဲ့လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းနဲ့ပစ်ချတိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့တာပါ။

အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေသာမက ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူလူထု အများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လတ်တလောမှာ KNU ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင်ပြည်သူဦးရေ နှစ်သိန်းကျော် ရှိလာပြီဖြစ်တယ်လို့ KPSN က ပြောဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ တိုးများလာနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေအပေါ် ထောက်ပံ့ကူညီပေးမှုတွေလည်း အခက်အခဲတွေ အများကြီးကြုံနေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလေးကပေါ်က ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ကူညီမှုတွေ လိုအပ်လျက်ရှိနေသလို စားနပ်ရိက္ခာ ၊ ဆေးဝါး၊ စတဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်မားနေတာ ဖြစ်ပါတယ်။

ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ပတ်တာအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အရပ်သား ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးပေါင်း ၄၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းကလည်း KNU မုန်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ရဲ့ အခြေစိုက် တပ်စခန်းတစ်ခုဖြစ်တဲ့ သစ်ချဆိပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.