မော်လမြိုင်၊ စက်တင်ဘာ(၅)

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် လုပ်သားရှားပါးမှု ပြဿနာပိုမိုကြီးထွာလာမှုနဲ့အတူ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရော်ဘာခြံလုပ်ငန်းတွေပြန်စဖို့ အခက်ကြုံရနေတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာခြံလုပ်ငန်းတွေကို မွန်ပြည်နယ်မှာ နှစ်စဉ်စက်တင်ဘာလကနေ မေလအထိလုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ရော်ဘာခြံလုပ်ငန်းတွေဟာ လုပ်သားအသစ်တွေ ခေါ်ယူလို့မရတာ၊ အရင်ရှိပြီးသား ကျွမ်းကျင်လုပ်သားတွေကလည်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် တဖက်နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့အတွက် လုပ်သားရှားပါးလာတာပါ။

ရော်ဘာခြံရှင်တစ်ဦးကတော့ နယ်ခံရော်ဘာ ကျွမ်းကျင်လုပ်သားတွေဟာ အလုပ်အကိုင် အဆင်မပြေတဲ့အတွက် တဖက်နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လာကြသလို တခြားတိုင်းနဲ့ပြည်နယ်က အလုပ်သမားတွေကလည်း ခေါ်ယူရခက်ခဲတာကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။ “အလုပ်သမားရှားပါးမှုက နှစ်တိုင်းကြုံနေရတာ။ ဘာဖြစ်လို့လဲဆိုတော့ ရော်ဘာရဲ့အလုပ်က လုပ်သားတွေ တအားသုံးရတာများတဲ့အခါ နှစ်တိုင်းတော့ ဒီအခက် အခဲ တော့ ရှိနေမှာပဲလေ။ ဘယ်လိုအခြေအနေကြောင့်လဲဆို မြန်မာပြည်မှာလုပ်စားလို့ အဆင်မပြေတော့ဘူးလေ။ ငတ်တလှည့် ပြတ်တလှည့် ဖြစ်လာပြီလေ။ နောက်ပြီးတော့ သန်မာတဲ့သူတွေ၊ ငယ်ရွယ်တဲ့သူတွေက ထိုင်းကိုသွားကုန်ကြပြီလေ။ မွန်ပြည်နယ်မှာကတော့ ရွာမှာပဲဖြစ်ဖြစ်၊ မြို့မှာပဲဖြစ်ဖြစ်၊ ဘယ်နယ်ပဲဖြစ်ဖြစ် အသက်ကြီးရွယ်အိုနဲ့ စီးပွားရေးလုပ်တဲ့သူလောက်ပဲ ကျန်တာ။ ဒီကလူတွေမရှိတော့ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့ကလူတွေကိုခေါ်ပြီးတော့ တစ်ခါလုပ်ရပြန်၊ ကိုယ့်နယ်ကလူ မဟုတ်တော့ခေါ်ရတာလည်း ခက်ခဲတာပေါ့။ ဒီလိုပဲခက်ခဲတယ် အရာရာအကုန်လုံးပါပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာကျွမ်းကျင် လုပ်သားတွေကို ပြီးခဲ့တဲ့နှစ်က အစေးခြစ်ခအနေနဲ့ တစ်ပင်ကို ၁၃ ကျပ် ပေးခဲ့ပြီး လက်ရှိကျွမ်းကျင်လုပ်သား ရှားပါးလာတာကြောင့် တစ်ပင်ကို ၁၅ ကျပ်ထိ တိုးပေးပေမယ့် လာရောက်လုပ်ကိုင်တာ မရှိကြတော့ဘူးလို့ သူကဆက်ပြောပါတယ်။

ရော်ဘာခြံတွေမှာ လုပ်သားအဟောင်းတွေ မရှိတော့တဲ့အတွက် လုပ်သားအသစ်တွေကို ရှာဖွေနေရသလို လုပ်သားအသစ်မရပါက ခြံပိတ်ထားရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ရော်ဘာခြံရှင်တစ်ဦးက ပြောပါတယ်။

“အခုကျွန်တော်တို့ကတော့ လုပ်သားရှာနေတုန်းပေါ့။ လုပ်သားအဟောင်းတွေကလည်း ထိုင်းတက်ကုန်ပြီ။ လုပ်သားအသစ်တွေကိုတော့ ရှာနေတုန်းပဲ။ ခြံ (၃)ဧက၊ (၄)ဧက၊ (၅)ဧကတွေပေါ့နော် ရတဲ့သူလည်း ရတယ်၊ မရတဲ့သူလည်းမရ ဒီလိုပါပဲ။ ဒါပေမယ့် ဒီဘက်က ဒေသခံအမြောက်အများက အဲဒီလိုပေါ့။ ထိုင်း၊ မလေးရှားသွားလိုက်တဲ့အပေါ်မှာ အလုပ်သမားရှားပါးမှု အခက်အခဲ ဖြစ်တာပေါ့။ အဓိကကရော်ဘာခြံသမားတိုင်းက အလုပ်သမား မွေးထားနိုင်မှလေ။ ဒါကအလုပ်သမား ပြတ်တယ်ဆိုတာနဲ့ အစေးခြစ်တဲ့လုပ်ငန်းလည်း ရပ်ကုန်ပြီလေ။ ခြံပိတ်သွားမှာပေါ့။ ခြံမခြစ်ပဲနဲ့နေရမှာပေါ့၊ ဒါပါပဲ”လို့ ဆိုပါတယ်။

ရော်ဘာကျွမ်းကျင် လုပ်သားရှားပါးတာကြောင့် ရော်ဘာလုပ်ငန်းတွေကို အပြည့်အဝ ပြန်လည်ပတ်ဖို့အတွက် အခက်အခဲရှိလာသလို သတ်မှတ်အချိန်အတွင်း လုပ်သားမရပါကလည်း တနိုင်တပိုင်သာ လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် ရော်ဘာထွက်ကုန် သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ရော်ဘာခြံရှင်တွေက ဆိုကြပါတယ်။

တဖက်မှာတော့ တခြားတိုင်းနဲ့ပြည်နယ်က ရော်ဘာကျွမ်းကျင်လုပ်သားတွေဟာ စစ်ကောင်စီရဲ့ နယ်မြေဖြတ်ကျော် သွားလာခွင့်ကန့်သတ်ချက်တွေ၊ ဧည့်စာရင်းအခက်အခဲတွေအပြင် ညမထွက်ရအမိန့်တွေကြောင့်လည်း လာရောက်လုပ်ကိုင်သူ နည်းပါးလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေကာ ရော်ဘာကဏ္ဍကနေ အမေရိကန် ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရရှိနေတာပါ။

ဒါပေမဲ့ ရော်ဘာကဏ္ဍဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေအပြင် မူဝါဒအလွဲအမှားတွေကြောင့် နာလန်မထူနိုင် ဖြစ်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.