FILE PHOTO: Myanmar's Army Chief Min Aung Hlaing cast his ballot during the general election at a polling station in Naypyitaw, Myanmar, November 8, 2020.?REUTERS/REUTERS/Thar Byaw/File Photo

နေပြည်တော်၊ စက်တင်ဘာ(၅)

မဲစာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့မဲစာရင်းတွေရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အရေးပေါ်သက်တမ်း ၆ လ တိုးယူပြီးချိန် ဒုတိယကြိမ်ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေပြီးမှသာ ရွေးကောက်ပွဲလုပ်မယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတွက် စစ်ကောင်စီဝင်တွေအနေနဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သက်ဆိုင်ရာဒေသတွေဆီ ရောက်ရှိရင် လူဦးရေစာရင်းကောက်ယူမှုတွေ ဆောလျင်စွာ ပြုစုပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေအပါအဝင် သဟဇာတဖြစ်တဲ့ EAO တွေရဲ့ နယ်မြေမှာ မဲစာရင်းကောက်ပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲလုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူလုပ်လို့ရတဲ့နေရာကို သူကရွေးကောက်ပွဲလုပ်ပြီးတော့ တစ်ဖက်သတ် ဖြစ်မြောက်အောင် သူ့ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ သူကလုပ်မှာပေါ့။ မဲစာရင်းကောက်ဖို့က လက်ရှိသူထိန်းချုပ်ထားတဲ့နယ် မြေတွေ အဓိကသူနေရာပေးပြီး ရတဲ့နေရာမှာ သူနဲ့သဟဇာတဖြစ်တဲ့ ERO တွေ EAO တွေရဲ့ နေရာကို မဲစာရင်းကောက်ပြီး ရွေးကောက်ပွဲကို မဲပေးခွင့်ရှိသလို မဲမပေးလည်းရတယ်ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေအရ မဲစာရင်းကောက်ပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ သူကလုပ်မယ်။ ဒါကသူ့ရဲ့ ထွက်ပေါက်တစ်ခုပဲရှိတာပေါ့”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာတော့ မဲပေးပိုင်ခွင့်ရှိသူထဲက ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမှ ဒါမှမဟုတ်ဘယ်နှစ်မြို့နယ်ကျင်းပမှ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ ပြဌာန်းမထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။

အခုနှစ်ဆန်းပိုင်းတုန်းကလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြားက ကောက်ယူခဲ့တဲ့ မြေပြင်လူဦးရေစာရင်းမှာတော့ ပြည်သူတချို့ ပူးပေါင်းပါဝင်တာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကလည်း အာဏာသိမ်းကာလရှည်လာတာနဲ့အမျှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတွန်းလှန်မှုနဲ့ တိုက်ပွဲကြိမ်ရေ တိုးလာနေပြီး ပြည်တွင်းစစ်မီးဟာ ကျယ်ကျယ်ပြန့်ပြန့် တောက်လောင်လာတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် အခုနှစ်ဇူလိုင်လအထိ တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ခဲ့ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲရဲ့ နှစ်ဆကျော် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တာကြောင့် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမယ်လို့ အက်ကြောင်းထပ်အောင် ကြွေးကြော်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက စစ်ကောင်စီအနေနဲ့ တရားဝင်မှုရဖို့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေ လေသံလွှင့်နေတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် ဖြစ်မယ်မထင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျွန်မအမြင်က (ရွေးကောက်ပွဲ) ဖြစ်မယ်မထင်ပါဘူး။ ဒါပေမယ့် သူတို့မှာလည်း စီမံကိန်းဆိုတာ ရှိဖို့လိုတာပေါ့။ အဲဒီတော့ စစ်ကောင်စီအနေနဲ့ သူ့တရားဝင်မှုက ရွေးကောက်ပွဲဖြစ်မှဖြစ်မှာကိုး။ သူပြန်ရွေးကောက်တယ်ဆိုပြီး ဒါကြောင့်မို့ သူကရွေးကောက်ပွဲ မလုပ်ဖြစ်တောင် လေသံလေးက လွှင့်နေတာပေါ့။ သူတို့ (စစ်ကောင်စီ) ရွေးကောက်ပွဲလုပ်မယ် လုပ်မယ်နဲ့။ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် အ ဆောက်အဦးတွေ (လုပ်ငန်းစဉ်တွေ) လိုတာကိုး။ အဲဒီတော့ လူဦးရေစာရင်းယူတာတို့ ဘာတို့ညာတို့ လုပ်ကိုင်ပြီးတော့ စီမံကိန်းတွေတော့ ချနေတာပေါ့နော်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဥပမာလူဦးရေစာရင်းကောက်တာ ဗမာတစ်ပြည်လုံး ဘယ်မှာကောက်နိုင်မှာလဲ။ မြဝတီတို့ဘာတို့ အောက်ပိုင်းတွေလည်း မလွယ်ဘူး၊ စစ်ကိုင်းလည်း မလွယ်ဘူး၊ ရှမ်းပြည်ဘက်လည်း မလွယ်ဘူး။ ဘယ်လိုလုပ် လူဦး ရေစာရင်း ကောက်နိုင်မှာလဲ။ ဒါပေမယ့် သူတို့ဘက်ကတော့ စီမံကိန်းတွေ မပြတ်ပြောဖို့လိုလို့ ပြောနေတယ်လို့ ကျွန်မသဘောထားပါတယ်”လို့ သူက ထောက်ပြပါတယ်။

နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် အရေးပေါ်သက်တမ်း ၆ လ တိုးယူခဲ့ပြီးပေမယ့်လည်း တည်ငြိမ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးကနေ စစ်ကောင်စီက နောက်ထပ် ၆ လ ထပ်မံတိုးယူခဲ့တာပါ။

လက်ရှိမှာတော့ ပြည်မအတွင်းက ရန်ကုန်မြို့ကြီးအပါအဝင် ဒေသအနည်းငယ်မှာသာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေမရှိပေမယ့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေကတော့ တစ်နေ့ထက်တစ်နေ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် နောက်ထပ် ၁ နှစ်၊ ၂ နှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်မှာမဟုတ်ဘဲ စစ်ကောင်စီ အာဏာဆက်ယူသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.