ဘီးလင်း၊ စက်တင်ဘာ(၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးနဲ့သပြေနီကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ဆင်ရေးလုပ်ဖို့သွားစဉ် စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နဲ့တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်ဦးမှုရသွားတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦးကျဆုံးပြီး သူတို့နဲ့လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

အဲဒီတိုက်ပွဲကြောင့် အလူးလေးနဲ့ သပြေနီကျေးရွာ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုက ဘေးလွတ်ရာကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေထံ စစ်ရှောင်နေရတာပါ။

လတ်တလောမှာလည်း နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတဲ့အတွက် တိုက်ပွဲတွေထပ်မံဖြစ်ပွားလာနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဘီးလင်းမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-ဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.