ဘာလီ – စက်တင်ဘာ(၅) 

ဘာလီအပန်းဖြေစခန်းတစ်ခုက ဝန်ထမ်း(၅)ဦးဟာ ဓာတ်လှေကား ကေဘလ်ကြိုး ပြတ်ပြီး လျှိုမြောင်ထဲ ထိုးကျသွားတာကြောင့် သေဆုံးခဲ့ရတယ်လို့ အင်ဒိုနီးရှား မီဒီယာတွေက ဖော်ပြ ထားပါတယ်။ 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁) ရက်နေ့က အူဘတ်မှာရှိတဲ့ အယုဒရာအပန်းဖြေနေရာမှာ ဖြစ်ပွားခဲ့တာလို့ မီဒီယာတွေက ဆိုထားတာပါ။ 

အပန်းဖြေစခန်းရဲ့ ကြီးကြပ်ရေးဌာနက အသက်(၁၉) နှစ်ကနေ (၂၅)နှစ်ကြားရှိတဲ့ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး(၃) ဦးဟာ (၆၀) ဒီဂရီတိမ်းစောင်းပြီး သံမဏိကြိုး ပြတ်တောက်သွားချိန်မှာ ပြင်ပ ဓာတ်လှေကားထဲမှာ ရှိနေခဲ့တာလို့ အွန်လိုင်း ဒီတစ်ခ်သတင်းက ဖော်ပြထားပါတယ်။ 

ဓာတ်လှေကားဟာ အပန်းဖြေစခန်းဝန်ထမ်းတွေနဲ့ ဧည့်သည်တွေရဲ့ တောင်ကုန်းပေါ် အတက် အဆင်း အတွက် ကူးသန်းပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

The Jakarta Post ရဲ့ အဆိုအရ မှန်ဖုံးထားတဲ့ ဓာတ်လှေကားဟာ တာတမံအောက် မီတာ(၁၀၀) ခန့် ပြုတ်ကျခဲ့ပြီး လူ(၂) ဦးပွဲချင်းပြီး သေဆုံးခဲ့သလို တခြားအလုပ်သမား(၃)ဦးကလည်း ဆေးရုံကိုပို့ဆောင်ပြီးနောက် သေဆုံးသွားတယ်လို့ ဆိုထားပါတယ်။

အူဘတ်ရဲတပ်ဖွဲ့က ဖြစ်နိုင်ချေရှိတဲ့ ပေါ့ဆမှုနဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာတွေကို ရှာဖွေနေ ပေမယ့် ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ ဓာတ်လှေကားဟာ ဝန်ပိုနေတာကြောင့် ကေဘလ်ကြိုး ပြတ်သွားတာဖြစ်တယ်လို့ The Jakarta Post က ဖော်ပြခဲ့ပါတယ်။ 

“သံမဏိကြိုးသည် ဝန်ကိုဆွဲယူရန် လုံလုံလောက်လောက်မခိုင်ခံ့တာ ဖြစ်နိုင်ပြီး ဘေးကင်းရေး ကိရိယာ သို့မဟုတ် ဘရိတ်သည် အလုပ်မလုပ်နိုင်တာလည်း ဖြစ်နိုင်သည်” လို့ ရဲအရာရှိချုပ် ကပြောခဲ့ပါတယ်။ 

အဲဒီအပန်းဖြေစခန်းပိုင်ရှင်ဟာ သေဆုံးသူတွေရဲ့ မိသားစုတွေဆီကို ဝမ်းနည်းကြောင်း ဖော်ပြ ခဲ့ပြီး တခြားသော လျော်ကြေးငွေတွေအပြင် စျာပန စပိတ်တွေပေးဆောင်သွားဖို့ရှိတယ်လို့ 

Bali Express ဝဘ်ဆိုဒ်သို့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့က ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.