နေပြည်တော်၊ စက်တင်ဘာ(၃)

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှု အကျိုးဆက်အနေနဲ့ လူတစ်စုရဲ့ မိုက်မဲမှုကို ဒေသခံပြည်သူလူထုအများစု ခံစားနေရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ စပ်လျဉ်းပြီး ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပေမယ့် အကြမ်းဖက်မှုတွေ ရှိနေတဲ့အတွက် နယ်မြေတွေမှာ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်လို့ မရတာကို တွေ့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် နိုင်ငံဟာ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုက ခံစားနေရပြီး ပြည်သူလူထုအနေနဲ့ ဒေသအအကျိုး နယ်မြေအကျိုးကြည့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အဲဒီအစည်းအဝေးမှာတော့ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေးနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းတွေကို တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါသေးတယ်။

နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး အကြမ်းဖက်မှုရဲ့ အဓိကတရားခံဟာ စစ်အုပ်စုသာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သား ၈၆၀၀ ကျော်အထိ သေဆုံးထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.