မော်လမြိုင်၊ စက်တင်ဘာ(၃)

မွန်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ လေထုညစ်ညမ်းမှုတွေကြောင့် ကလေးငယ်အများစု အဆုတ်ရောဂါဖြစ်ပွားကူးစက်မှု ပြင်းထန်လာတဲ့အတွက် စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆုတ်ရောင်ရောဂါဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး မွန်ပြည်နယ်ရှိ မော်လမြိုင်အပါအဝင် မြို့နယ်အများစုမှာ ရောဂါဖြစ်ပွားကူးစက်မှုတွေ ရှိလာပြီး အစုံအလိုက်အပြုံအလိုက် ရောဂါဖြစ်ပွားတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာပါ။

အဆုတ်ရောင်ရောဂါကြောင့် ကလေးဆေးရုံ၊ ဆေးခန်းတွေမှာ ကလေးငယ်လူနာတွေ ပြည့်ကျပ်တဲ့အထိ ဖြစ်ပွားနေသလို ပြီးခဲ့တဲ့လတုန်းကလည်း အဆုတ်ရောင် ရောဂါကြောင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းတချို့ ယာယီကျောင်းပိတ်ကြောင်း ကြေညာတာတွေ ရှိခဲ့ပါတယ်။

ဆရာဝန်တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါဟာ ပြင်းထန်မှုရှိပြီး ရောဂါကုထိုး ဆေးတွေကအစ ဈေးကွက်အတွင်း ပြတ်လပ်နေတဲ့အတွက် အသက်သေးဆုံးတာတွေအထိ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုပိုဆိုးတာက ရင်ကျပ်နဲ့အဖျားကြီးတာ ပိုဆိုးနေကြတယ်။ သူကအဆုတ်ရောင် ရောဂါမျိုးပေါ့။ နမိုနီးယားလို ရောဂါမျိုးရယ်၊ ကလေးရင်ကျပ်ရောဂါပဲ။ ရာသီဥတု အပြင်းအထန်ပြောင်းလဲလို့ ကလေးတွေခံစားရတဲ့ဟာမျိုးပေါ့၊ အဆုတ်ရောင်တယ်၊ နမိုးနီးယားဝင်တယ်။ ဒီရောဂါက တော်တော်များများ ကလေးအားလုံးနီးပါးကို ဖြစ်နေကြတယ်။ အရင်ကတချို့တလေလောက်ပဲ ဖြစ်တယ်။ နဂိုပန်းနာရင်ကျပ်အခံရှိတဲ့ ကလေးတို့၊ ကိုယ်ခံအားနည်းတဲ့ ကလေးတွေလောက်ပဲ ဖြစ်တယ်။ ဒီနှစ်ကတော့ ပြင်းပြင်းထန်ထန်ကိုဖြစ်တယ်။ ကလေးရင်ကျပ်ဆေးလိုဟာမျိုးဆိုရင် ထိုးဆေးတွေဈေးကွက်မှာ မရှိသလောက်ကိုဖြစ်တယ်။ အသက်ဆုံးရှုံးမှုတွေလည်း ရှိတယ်။ များတယ်။ ထိထိရောက်ရောက် ဒေတာမထုတ်လို့သာ မသိတာ၊ များတယ်ခင်ဗျ”လို့ ဆိုပါတယ်။

အဆုတ်ရောင်ရောဂါဟာ ရာသီဥတုအပြောင်းအလဲမှာ အအေးမိနှာစေးတာ၊ ချောင်းဆိုးတာ၊ လေထုညစ်ညမ်းတာ၊ အာဟာရမပြည့်ဝတာ၊ တာရှည်ခံပစ္စည်းတွေပါတဲ့ အစားအသောက်တွေ စားမိတာကအစ နမိုးနီးယားပိုးမွှားဝင်ရောက်ပြီး ကူးစက်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်ရောဂါဟာ အရင်က ကလေးငယ်တွေမှာ ဖြစ်ပွားမှုနည်းပေမယ့် အခုအခါမှာတော့ အဖြစ်များပြီး သေဆုံးမှုတွေပါ ရှိလာတာကြောင့် ကလေးငယ်တွေကို အထူးဂရုစိုက်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

ဆရာဝန်တစ်ဦးကလည်း အဆုတ်ရောင်ရောဂါဟာ ကိုဗစ်ရောဂါလိုမျိုး လေကနေတဆင့် ကူးစက်တာတွေရှိနေသလို ရောဂါဖြစ်ပွားတဲ့ ကလေးတွေဟာ အောက်စီဂျင်နဲ့ ရင်ကျပ်ရှူဆေးတွေပါ ရှူနေရတယ်လို့ ပြောပါတယ်။

“ချောင်းဆိုးနှာစေးကနေ ကူးတယ်။ လေထုမသန့်တာကနေ ကူးတယ်။ နောက်ကလေးကို မိုးမိ၊အအေးမိတာကနေစဖျားပြီးလို့ရှိရင် နမိုးနီးယား ပိုးကဝင်လာတာ။ သူက လေကနေကူးတာပဲ။ ကိုဗစ်တုန်းကကူးတဲ့ပုံစံအတိုင်းပဲကူးတာ ဒီကောင်က။ လက္ခဏာလည်း အဲဒီတုန်းက ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ အဖျားကြီးတယ်၊ ကလေးတွေ ချောင်းဆိုးများတယ်၊ မောတယ်။ ကိုဗစ်ကတော့ လောလောဆယ် မစစ်ထားတော့ အတိအကျတော့ မပြောနိုင်ဘူး။ လက္ခဏာတော့တူပေမယ့် ကျွန်တော်တို့ အတိအကျပြောဖို့ကျတော့ မစစ်ထားလို့ မပြောတာခင်ဗျ။ ဖြစ်နိုင်ချေကတော့ ရှိတယ်၊ ဗီဇကွဲပုံစံ ဖြစ်နိုင်တယ်။ ဒီတခေါက် ကလေးကိုတိုက်ခိုက်တာပေါ့။ အခါတိုင်းအသုတ်တွေမှာ ကလေးတွေမှ မထိခိုက်တာ၊ အနည်းဆုံးတစ်ပတ်ကျော် နှစ်ပတ်လောက်ထိကို မသက်သာဘူးပြောတယ်။ အောက်ဆီဂျင်တို့ ရှူဆေးတွေ ရှူရတာတွေ ရှိတယ်။ အခုဆေးရုံမှာလည်း အများကြီး ရင်ကျပ်ရှူဆေးတွေ ရှူနေရတယ်”လို့ ဆိုပါတယ်။

အဆုတ်ရောင်ရောဂါလက္ခဏာဟာ ၃ ရက်လောက် အဖျားမကျတာ၊ ပုံမှန်ထက်မောနေတာ၊ အစာမဝင်တာတွေ ဖြစ်ပေါ်တတ်ပြီး အခုလိုဖြစ်ပွားပါက အမြန်ဆုံးဆေးရုံ၊ ဆေးခန်းတွေကိုပြသဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) ရဲ့ အဆိုအရ ကမ္ဘာ့မှာ တစ်နှစ်လျှင် အဆုတ်ရောဂါကြောင့် ကလေးငယ်တွေအပါဝင် လူပေါင်း ၃ သန်းနီးပါး သေဆုံးထားပြီး အဲဒီထဲကသုံးပုံတစ်ပုံဟာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Save the Children ကတော့ မြန်မာနိုင်ငံက ကလေး ၂၅ ဦးမှာ တစ်ဦးဟာ တစ်နှစ်အရွယ်မတိုင်မီ သေဆုံးကြပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂၉ ရာခိုင်နှုန်းဟာ ကာလရှည်ကြာ အာဟာရချို့တဲ့မှုကြောင့် ပုပုသေးသေးလေးတွေ ဖြစ်နေရတယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-UNICEF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.