မော်လမြိုင် – စက်တင်ဘာ(၃)

မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဆီယံလူထုဖိုရမ်က ကြေညာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁)ရက်နေ့ကနေ (၃) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်က ထုတ်ပြန်လိုက်တာပါ။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်တာဖြစ်ပြီး လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲတွေမှာ အနစ်နာခံ ပေးအပ်နေကြတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးအနက်ဂုဏ်ပြုလိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံကို သိမ်းပိုက်ဖို့ ကြံစည်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လက်ရှိအချိန်ထိ မအောင်မြင်သေးဘူးလို့ သတ်မှတ်ထားပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီပြည်လည်ရရှိရေး လှုပ်ရှားရုန်းကန်မှုဟာ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် မီးရှူးတန်ဆောင်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကန့်ကွက်မှုတွေကြောင့် စက်တင်ဘာလ(၁) ရက်နေ့အထိ အမျိုးသမီး (၆၀၂) ဦးအသတ်ခံခဲ့ရပြီး အရပ်သား တက်ကြွလှုပ်ရှားသူ (၄၀၂၉) ဦး အသတ်ခံထားရတဲ့အတွက် အမျက်ကြီးစွာ ဖြစ်ရတယ်လို့ ဆိုထားကာ ပြင်းထန်တဲ့အသံတွေနဲ့ တုံ့ပြန်ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအနေနဲ့ NUG၊NUCC၊ERO နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအပါအဝင် တရားဝင် သက်ဆိုင်သူတွေနဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေက တဆင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချက်ချင်းပံ့ပိုးပေးဖို့လည်း အာဆီယံလူထုဖိုရမ်က တောင်းဆိုထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ လက်ရှိမှာ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီအရေးတွေအပြင် စိန်ခေါ်မှုတွေများပြားတဲ့ အချိန်ကို ကြုံတွေ့နေရတဲ့အတွက် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်း၊တီမောလက်စတီနဲ့ဗီယက်နမ်နိုင်ငံတို့က ပြည်သူ အားလုံးဟာ မြန်မာပြည်သူတွေနဲ့ အတူရှိတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူတွေကိုဖမ်းဆီးနေစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.