ဘီးလင်း၊ စင်တင်ဘာ(၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိုးစပါးစိုက်ဧကအများစု ပြန်မစိုက်နိုင်တော့ဘူးလို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေကြီးရေမြုပ်မှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေဟာ မျိုးစပါးဈေးနှုန်း အဆမတန်မြင့်တက်နေတာ၊ ဝယ်ယူဖို့ခက်ခဲတာ၊ အချိန်အခါလွန်နေပြီဖြစ်လို့ ပြန်စိုက်နိုင်ရင်တောင် စပါးဖြစ်ထွန်းဖို့ မသေချာတာကြောင့် အများစုပြန်မစိုက်တော့ဘူးလို့ သိရပါတယ်။

စပါးပြန်စိုက်ကြတဲ့ တောင်သူတွေကလည်း ၁၀ ဧကရှိပါက မိသားစုဝမ်းစာအတွက် ၂ ဧကလောက်သာ ပြန်စိုက်တာတွေ ရှိနေတယ်လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

ရေကြီးရေမြုပ်မှုကြောင့် မိုးစပါးစိုက်ဧကတွေ ပျက်စီးသွားပေမယ့် စစ်ကောင်စီဘက်က မျိုးစပါးထောက်ပံ့တာ၊ ရောင်းချပေးတာမျိုးလည်း မရှိသေးဘူးလို့ တောင်သူလယ်သမားတွေက ပြောဆိုပါတယ်။

သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ဘီးလင်းတစ်မြို့နယ်လုံးရဲ့ မိုးစပါးစိုက်ဧက ထက်ဝက်နီးပါး ရေနစ်မြှုပ်ခဲ့တဲ့အတွက် ကျေးရွာပေါင်း ၃၀ ကျော်က မိုးစပါးဧက ၃၀,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ရေကြီးရေမြုပ်မှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧကတွေ ပြန်မစိုက်နိုင်တော့တဲ့အတွက် လာမယ့်စပါးပေါ်ကာလမှာလည်း စပါးဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရဖို့ ရှိနေပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုအပါအဝင် မူဝါဒအမှားတွေကြောင့် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်တစ်အိတ်ကို ကျပ်ရှစ်သောင်းနီးပါးအထိ ဈေးနှုန်းအဆမတန် မြင့်တက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.