နေပြည်တော်၊ စက်တင်ဘာ(၃)

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အပြောင်းအလဲ ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁ ရက်နေ့မှာ ကြေညာပါတယ်။

အစားထိုးခန့်အပ်ခံရတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေမှာတော့ ကချင်ပြည်နယ်က ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယား ပြည်နယ်က ဗိုလ်မှူးကြီးမြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်နဲ့ ကရင်ပြည်နယ်က ဗိုလ်မှူးကြီးမျိုးမင်းနောင်အစား ဗိုလ်မှူးကြီးမင်းသူကျော်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီးနေလင်းစိုးကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

CDM တပ်ကြပ်ကြီး ဇေယျကတော့ အစားထိုးခံရတဲ့ နယ်လုံဝန်ကြီးတွေထဲမှာ သက်ပြည့်တွေပါနေတဲ့အတွက် စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်အရ အငယ်တွေကို နေရာပေးချိန်းပြီး တက်ကြွအောင် လုပ်ခိုင်းတဲ့သဘောလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီ အစားထိုးခန့်အပ်လိုက်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတွေ အများအပြား ပါဝင်နေတာပါ။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ဟာ ဒေသတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေ အခြေစိုက်လှုပ်ရှားမှု အားကောင်းနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ပူးပေါင်းကာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတွန်းလှန်နေကြတာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းကလည်း အစားထိုးခံလိုက်ရတဲ့ နယ်လုံတွေဟာ စစ်တပ်အာဏာမသိမ်းခင်ကာလထဲက တာဝန်ထမ်းဆောင်လာကြသူတွေဖြစ်ပြီး အနေကြာတဲ့အတွက် တာဝန်ချိန်းတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်မံတိုးယူခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ကောင်စီအဖွဲ့ဝင်တချို့ကို အပြောင်းအလဲလုပ်ခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေအပါအဝင် ပြည်ထောင်စုအဆင့် ထိပ်ပိုင်းအရာရှိတချို့ကိုလည်း ဩဂုတ်ပထမပတ်မှာ ပြောင်းလဲခန့်အပ်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတိုးယူထားတဲ့ အရေးပေါ်ကာလသက်တမ်းဟာ တစ်လတာ ကုန်ဆုံးသွားပြီဖြစ်တဲ့ အတွက် ကျန်ရှိတဲ့သက်တမ်း ၅ လတာအတွင်း စစ်အုပ်ချုပ်ရေးယန္တားတွေနဲ့ နိုင်ငံကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ စစ်ကောင်စီက အသည်းအသန်ကြိုးပမ်းနေရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.