ညောင်လေးပင်၊ စက်တင်ဘာ(၃)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ သစ်ချဆိပ်စခန်းကို KNLA တပ်မဟာ(၃)ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် က ၁၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNU မုန်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်တဲ့ သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့ မနက် ၅ နာရီ အချိန်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။
သစ်ချဆိပ်စခန်းထဲမှာ စစ်ကောင်စီတပ်ရဲ့ ခလရ(၄၃၉)၊ ခလရ(၆၀)၊ ခမရ(၃၅၀)၊ ခမရ(၃၅၁) တပ်ရင်းတို့ တပ်စွဲထားပြီး KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်ရာမှာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ကာ ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လက် ၁ လက်၊ လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သစ်ချဆိပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာပြည်သူလူထုတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တာ၊ အနီးနားရှိ ဒေသခံပြည်သူလူထု လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်နဲ့ ကျေးရွာတွေထဲကို မကြာခဏလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ပြည်သူလူထုကို အကာအရံသဖွယ်ထားရှိပြီး စခန်းတည်ဆောက်ထားတာနဲ့ ပြည်သူလူထုကို လက်နက်အားကိုးပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်လျက်ရှိတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်ရတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။
သစ်ချဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်က စခန်းအတွင်းထဲသာမက ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံအတွင်းကနေပြီး ပြန်လည်ခုခံတာ၊ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာအပြင် လေကြောင်းပစ်ကူတွေကိုပါ အသုံးပြုခဲ့တဲ့အတွက် ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနီးအနားရှိ ကျေးရွာတွေဖြစ်ကြတဲ့ သစ်ချဆိပ်၊ ဖိုးသောစု၊ တိုင်ပင်၊ ဥသျှစ်ခင်၊ ငလောက်တိုက်၊ မျက်ရဲကရင်ရွာနဲ့ မျက်ရဲဗမာရွာစတဲ့ ကျေးရွာပေါင်း ၈ ရွာက လူဦးရေစုစုပေါင်း ၅၆၀၀ ကျော်ဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNUရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU