ရန်ကုန်၊ စက်တင်ဘာ(၃)
မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၀၅ မြို့နယ်မှာ နှစ်လုံးထီ၊ သုံးလုံးထီသာမက စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းအစရှိတဲ့ လောင်းကစားလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။
ISP-Myanmar ရဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အခုနှစ်မေလကနေ ဇူလိုင်လအတွင်း မြို့နယ်တစ်ခုချင်းစီအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၆ ခုနဲ့အထက် စီးပွားဖြစ်ဂျင်ဝိုင်း၊ ဖဲဝိုင်းနဲ့ ကြက်ဝိုင်း လုပ်ကိုင်မှုတွေမှာ ပိုမိုမြင့်တက်လာတာပါ။
အချက်အလက်တွေအနေနဲ့ နှစ်လုံးထီ၊ သုံးလုံးထီကို မြို့နယ် ၁၁၀ ထဲက ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၆ ခုနဲ့အထက် ၆၈ မြို့နယ်အတွင်း လုပ်ကိုင်နေကြပြီး အခြားလောင်းကစားတွေကိုတော့ မြို့နယ် ၁၁၀ ထဲက ၄၁ မြို့နယ်မှာ လုပ်ကိုင်နေတာ ပိုမိုကျယ်ပြန့်လာတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံအနှံ့အပြားမှာ “အာဝါဒေး”ဆန်ဆန် လောင်းကစားလုပ်လို့ရမယ့် ပွဲလမ်းတွေ ဖန်တီးကြပြီး အဲဒီပွဲတွေမှာ ၃၆ ကောင်၊ လေးကောင်ဂျင်နဲ့ ဖဲဝိုင်းစတာတွေ ထည့်သွင်းကြသလို တဖက်မှာလည်း အွန်လိုင်းကနေကစားနိုင်တဲ့ ဘောလုံးပွဲ၊ ထီ၊ ရှမ်းကိုးမီးစတဲ့ လောင်းကစားတွေလည်း ရှိနေသေးတယ်လို့ ISP-Myanmar က ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လောင်းကစားတွေ တွင်ကျယ်လာတာဟာ အုပ်ချုပ်တဲ့အဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေကိုယ်တိုင် ခြစားမှုတွေဖြစ်နေပြီး အနာဘေးကျနေတဲ့ စီးပွားရေးကို လောင်းကစားလုပ်ငန်းသဏ္ဍာန်မျိုးနဲ့ ရုန်းကန်နိုင်အောင် လုပ်ဆောင်နေကြတာလို့ သုံးသပ်ပါတယ်။
“လောင်းကစားလုပ်ငန်းတွေဆိုတာ အုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေကိုယ်တိုင်က ခြစားမှုတွေ မျိုးစုံဖြစ်နေတဲ့အခါကျတော့ လောင်းကစားဒိုင်တွေက နေရာတကာ ပြန့်ပွားနေတာပေါ့ဗျာ။ အထူးသဖြင့် အဲဒါတွေက ပြည်နယ်တွေမှာ ပိုပြီးတော့ဖြစ်တာ တွေ့ရတယ်။ အထူးသဖြင့် နယ်စပ်ဒေသ ပြည်နယ်တွေမှာ ပိုပြီးဖြစ်ပါတယ်။ အဲဒါက တဖြည်းဖြည်းနဲ့ မန္တလေးတို့၊ ရန်ကုန်တို့လို မြို့ပြတွေထဲ တဖြည်းဖြည်းကူးလာတဲ့ သဘောပါ။ အဲဒီလိုဖြစ်ရတဲ့အကြောင်းကတော့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားယိုယွင်းပြီးတဲ့နောက် လုံခြုံရေးအရတာဝန်ရှိတဲ့၊ တာဝန်မယူနိုင်တဲ့ အခြေအနေအောက်မှာ လောင်းကစားလုပ်ငန်းသဏ္ဍာန်မျိုးနဲ့ စီးပွားရေးကို အနာဘေးကျရောက်မယ့် အနေအထားကနေ ရုန်း ကန်နိုင်အောင် အားလုံးကကြိုးစားနေကြတာပါ။ အဲဒီတော့ လောင်းကစားဒိုင်တွေ၊ ကစားဝိုင်းတွေဆိုတာ အကန့်အသတ်ရှိတဲ့နေရာနဲ့ အကန့်အသတ်ရှိတဲ့ လူတွေကြားထဲမှာ ဖြစ်နေတာပါ”လို့ သူက ဆိုပါတယ်။
ISP-Myanmar ရဲ့ စစ်တမ်းတွေအရ စစ်အာဏာသိမ်းမှုအလွန် ရပ်ကွက်ထဲနဲ့ ဘုရားပွဲတွေမှာလောင်း ကစားဝိုင်းတွေ ပိုများလာပြီး မန္တလေးမြို့က ပွဲတော်တွေကျင်းပတဲ့အခါ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် ခွင့်ပြုခဲ့သလို အရပ်ဝတ်လက်နက်ကိုင်ရဲ၊ စစ်သားတွေက လုံခြုံရေးယူပေးတာတွေ ရှိခဲ့တာပါ။
ဒါ့အပြင် စစ်အာဏာသိမ်းမှုအလွန် ဖြစ်လာတဲ့ဆုတ်ယုတ်မှုတွေထဲမှာ နိုင်ငံအနှံ့လောင်းကစားနွံထဲ နစ်မွန်းကြသူတွေ များလာနေပြီး လောင်းကစားဘက်ကို လူတွေလှည့်လာကြတာဟာ စားဝတ်နေရေး ကျပ်တည်းမှုကတစ်ကြောင်း ပုံမှန်အလုပ်ဖြစ်နိုင်တဲ့ စီးပွားရေးဝန်းကျင်၊ အလုပ်အကိုင်ရှားပါးတာကလည်း တစ်ခုပါနိုင်တယ်လို့ ဆိုပါတယ်။
စစ်တမ်းကောက်ယူမှုကိုတော့ မြို့နယ် ၁၁၀ မှာ ခရိုင်မြို့နယ် ၇၅ ခုကို ရ္ဂေးချယ်ခဲ့ပြီး ကျန် ၃၅ မြို့နယ်ကိုတော့ လူဦးရေအများဆုံးရှိတဲ့ မြို့နယ်နဲ့စီးပွားရေးအရ အချက်အချာကျတဲ့ မြို့နယ်တွေကို ဦးစားပေးရွေးချယ်ကာ ဒေသဆိုင်ရာအချက်အလက်တွေကို စောင့်ကြည့်လေ့လာမှု နည်းစနစ်နဲ့ အခုနှစ် မေ လကစပြီး လုပ်ဆောင်ခဲ့တာလို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ