မုန်း၊ စက်တင်ဘာ(၂)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၈ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က KNU မုန်းမြို့နယ်သစ်ချဆိပ်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ချဆိပ်၊ဖိုးသောစု၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်နဲ့ ငလောက်တိုက်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူလူထု ၅၆၆၂ ဦး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီနေ့မှာပဲ KNU ရွှေကျင်မြို့နယ် ချုံးအင်းကျေးရွာထဲကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀) ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံညားဖောလေးထူး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာတော့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် လူဦးရေထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.