မော်လမြိုင်၊ စက်တင်ဘာ(၂)

မွန်ပြည်နယ်မှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ပြည်သူဝန်ဆောင်မှုပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ ပွဲစားတွေကြီးစိုးလာပြီး ငွေကြေးအဆမတန် ပေးဆောင်နေရတယ်လို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း လူဝင်မှုကြီးကြပ်ရေးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ဌာနတွေအပြင် ဌာနဆိုင်ရာအများစုမှာ ဝန်ထမ်းတွေက ပြည်သူတွေကို တိုက်ရိုက်ဝန်ဆောင်မှုမပေးဘဲ ပွဲစားတွေကတဆင့်သာ လုပ်ငန်းတွေဆောင်ရွက်ပေးနေတာပါ။

အဲဒီဌာနတွေမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်ပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခိုင်းတာ၊ အရင်ကနေ့ချင်းပြီးဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေကို ကြန့် ကြာအောင် လုပ်ဆောင်တာအပြင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းအောင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့နီးစပ်တဲ့ ပွဲစားတွေမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်ပါက အချိန်ကြာကြာ စောင့်ဆိုင်းစရာမလိုဘဲ မြန်မြန်ဆန်ဆန်ရရှိပေမယ့် ငွေကြေးအဆမတန်တောင်းခံမှု ရှိလာတယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဒေသခံတစ်ဦးကတော့ မှတ်ပုံတင်တစ်ခုအတွက် ကျပ် ၇ သိန်းနီးပါးအထိ ပေးဆောင်ခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

“ပွဲစားနဲ့လုပ်ရင် အများဆုံးကြာ တစ်လပဲ။ ကိုယ်တိုင်သွားလုပ်ရင်တော့ (၂)လ (၃)လလောက် ကြာတာပေါ့။ ပွဲစားကတော့ (၇)သိန်းတောင်းတယ်။ နောက်ပိုင်းညှိတော့ နည်းနည်းပါးပါး နားလည်တဲ့သူဘာညာခေါ်သွားတော့ (၆)သိန်းခွဲပေါ့။ ပွဲစားနဲ့ကတော့ မြန်တာပေါ့၊ ပွဲစားကလည်းတဆင့် ပြန်ပေးရတယ်။ လဝက ဝန်ထမ်းတွေကို၊ ပိုက်ဆံတော့ ပိုကုန်တာပေါ့။ ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ အချက် အလက်စုံတယ်ဆိုရင်တောင် ကြာတာပေါ့၊ ကိုယ်တိုင်လုပ်ရင် အစိုးရကြေးပဲ သွင်းရတယ်၊ ဒါပေမယ့်ကြာတယ်။ လုပ်ပေးချင်သလိုလို၊ မလုပ်ပေးချင်သလိုလိုပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ဆောင်ဖို့အတွက် အချက်အလက်တွေ တင်ပြပါကလည်း ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ကြည့်ရှုပေးတာမရှိဘဲ ပွဲစားတွေတင်ပြတဲ့ အချက်အလက်တွေကိုသာ ဦးစားပေးဆောင်ရွက်ပေးတာကြောင့် ဌာနတွင်းလာဘ်စားမှု အကြီးအကျယ် ဖြစ်ပေါ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတစ်ဦးကလည်း ပတ်စပို့လုပ်ဆောင်ရာမှာ ကိုင်တိုင်လုပ်ဆောင်ပါက သုံးသောင်းကျော်သာ ကျပေမယ့် ဘိုကင်ကို ၃လလောက်စောင့်ရမှာဖြစ်သလို ပွဲစားနဲ့လုပ်ဆောင်ပါက ဘိုကင်ယူစရာမလိုဘဲ ကျပ် ၄ သိန်းကျော် တောင်းကာ ချက်ချင်းလုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

“ကိုယ့်တိုင်လုပ်တာကတော့ ပုံမှန်အရင်ကအတိုင်းဆိုရင်သုံးသောင်းကျော်ပေါ့။ ဘိုကင်ယူတာတော့ (၃)လ ကျော်လောက် ကြာမယ်။ အခုယူမယ်ဆိုရင်တောင် (၂)လပိုင်းမှရမယ်။ ပွဲစားနဲ့ကတော့ ဘိုကင်မလိုဘူးပေါ့၊ ပွဲစားနဲ့လုပ်မယ်ဆိုရင် (၄၇၀၀၀၀)၊ စာအုပ်ထွက်တဲ့အထိ (၁၀)ရက်ပေါ့၊ ခက်ခဲတာတော့ ခက်ခဲတာပေါ့၊ အရင်တုန်းကဆို ဘာဘိုကင်မှ စောင့်စရာမလိုဘူး။ တစ်ခါတည်းတန်းဝင်ယုံပေါ့။ အခုကကျတော့ ဘယ်လိုပြောမလဲ။ သူ့လူနဲ့သူဘဲအဲဒီလိုမျိုးပေါ့။ သူ့ရုံးနဲ့သူလူရှိမှ ဝင်လို့အဆင်ပြေတာပေါ့။ ခက်ခဲတာကတော့ ကိုယ်တိုင်လုပ်မယ်ဆိုရင်လေးလလောက် စောင့်ရတယ်။ သူ့လူနဲ့ ပွဲစားနဲ့ဝင်မယ်ဆိုရင် ချက်ချင်းဝင်တယ်။ ချက်ချင်းလုပ်ပေးတာပေါ့၊ စာအုပ်ထွက်လာဖို့ (၁၀) ရက်ပဲစောင့်ရတာပေါ့။ ပိုက်ဆံပိုကုန်သွားတာပေါ့”လို့ ဆိုပါတယ်။

ပြည်သူတွေဟာ အာဏာသိမ်းကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် တဖက်နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ဖို့အတွက် မှတ်ပုံတင်လုပ်ဆောင်တာ၊ ပတ်စပို့ လုပ်ဆောင်တာတွေ များနေပြီး ဒီအပေါ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေက ပွဲစားတွေနဲ့ ပူးပေါင်းကာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဈေးကွက်တစ်ခုအနေနဲ့ လုပ်ဆောင်လာတာပါ။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဝန်ထမ်းတွေက ဈေးကွက်တစ်ခုအနေနဲ့ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီဘက် ကြပ်မတ်ထိန်းကြောင်းနိုင်တာမရှိသလို အရင်လိုအဂတိလိုက်စားမှု ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်တာတွေ မရှိတော့တဲ့အတွက်လည်း ဌာနဆိုင်ရာတွေမှာ ပွဲစားတွေ ကြီးစိုးလာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်နားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာ စနစ်တကျရှိဖို့နဲ့ နိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ကြဖို့ ဩဂုတ် ၃၀ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအတွင်း သတိပေးပြောဆိုခဲ့ပေမယ့် လက်တွေ့နဲ့ကွာခြားနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကျင့်ပျက်ခြစားမှု စောင့်ကြည်ရေးအဖွဲ့ဖြစ်တဲ့ CPI ရဲ့ ၂၀၂၂ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း အဂတိလိုက်စားမှု စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၈၀ရှိတဲ့အနက် မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အညွှန်းကိန်းအဆင့် ၁၅၇ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.