ဘီးလင်း၊ သြဂုတ်(၂၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင်တိုးဂိတ်အဟောင်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သြဂုတ် ၂၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ရဲ့ ပစ်ခတ်လိုက်တဲ့ ဗုံးသီးတစ်လုံးဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရာထူးစုံစမ်းဆဲ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သားအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းလမ်းကြောင်းကို လက်နက်ကြီး၊လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ခရီးသွားကား ရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ခရီးသွားတွေက ပြောဆိုပါတယ်။

ဘီးလင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.