ညောင်လေးပင်၊ သြဂုတ်(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်ထဲ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်ရဲ့ ကျောက်ကြီးနဲ့မုန်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇူလိုင်တတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ KNU မုန်းမြို့နယ် နောက်ကုန်းကျေးရွာနေ နေအိမ် ၂၇ လုံး၊ စပါးကျီ ၁၆ လုံး၊ တဲ ၁၁ လုံးနဲ့ အခြားအရာတွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်နေ့ကလည်း KNU ကျောက်ကြီးမြို့နယ် နံဇကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဟာ နံဇကျေးရွာထဲကို ဝင်ရောက်လာပြီး နေအိမ်အလုံး၂၀ နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ နံဇကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်ပထမအပတ်အတွင်း ရွာထဲမှာကျန်ရှိနေတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေစုစုပေါင်း ၁၂၆ လုံးထဲက ၆၈ လုံးမှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် တိုက်ခိုက်သတ်ဖြတ်တာတွေကြောင့် ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို ဖမ်းဆီးခံအရပ်သားတွေကိုလည်း စစ်ကောင်စီတပ်က ထောင်ချတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်)ရဲ့ ထုတ်ပြန်ထားချက်အရ KNU ကျောက်ကြီးမြို့နယ်ထဲမှာ အခုနှစ်မေလကနေ ဩဂုတ် ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၁၈ ဦးကို ဖမ်းဆီးထောင်ချခဲ့ကာ ၅ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.