နေပြည်တော်၊ သြဂုတ်(၂၅)
စစ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ် နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ခေါင်းဆောင်တွေက စိတ်မဝင်စားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
၉ လကျော်ကြာ ရပ်တန့်ထားပြီးမှ ပြန်လည်ပြုလုပ်လာတဲ့ စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို မူတည်ပြီး သွားနေတာလို့ ဆိုပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအနေနဲ့ အမြဲတမ်းတွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး ပါဝင်ဆွေးနွေးပါလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုစောတောနီးကတော့ စစ်ကောင်စီပြောတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတို့ဟာ သူတို့လုပ်တဲ့အလုပ်နဲ့ တခြားစီဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တရားဝင်မှုလုံးဝမရှိတော့ဘူးလို့ ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီကနေ တလျှောက်လုံးပြောလာတဲ့ ငြိမ်းချမ်းရေးတို့ ဒီမိုကရေစီရေးတို့ဆိုတာလည်း အဲဒါတွေနဲ့ လုံးဝဆက်စပ်မှုမရှိပါဘူး။ လုပ်နေတဲ့အလုပ်နဲ့ တခြားစီပါပဲ။ သူတို့ကိုယ်တိုင်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားဝင်တဲ့အဖွဲ့အစည်းမဟုတ်တော့ဘူးဆိုတာ ရှင်းနေတယ်လေ။ ရှိသမျှ သဘောတူညီချက်တွေ၊ ရှိသမျှစာရွက်စာတမ်းချိုးဖောက်ပြီးတဲ့အခါမှာ သူတို့ကတရားမဝင်တဲ့ အဖွဲ့အစည်းဖြစ်သွားပြီ။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သွားပြီ။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာ သူတို့နဲ့ လုံးဝမထိုက်တန်တော့ပါဘူး။ တရားဝင်မှုလည်း လုံးဝမရှိတော့ပါဘူး။ အဲဒါကို ကျွန်တော်တို့က စိတ်ဝင်စားမှုလည်း မရှိတော့ပါဘူး”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဒီမိုကရေစီအရေးတွေနဲ့ လူ့အခွင့်အရေးတွေမှာ မိုးမွှန်အောင် ပြောဆိုပေမယ့် လက်တွေ့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ နေ့စဉ်နဲ့အမျှ တိုးသထက်တိုးအောင်လုပ်နေတာလို့ သူကထပ်ပြောပါတယ်။
စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုကနေ ပါဝင်နေကြသူတွေရဲ့ သဘောတူညီချက်တွေကို စုစည်းထားပြီး အသင့်ဖြစ်အောင်လုပ်ထားရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်ကလည်း စစ်တပ်ပြောတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံထားတာကြောင့် တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီနစ်ကို သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး သွားလို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုကို အာမခံပေးပြီးမှ စစ်တပ်ရဲ့ အာဏာတည်မြဲရေးအတွက်ကို အာမခံထားပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။ ဖွဲ့စည်းပုံကလည်း တပြည်ထောင်စနစ်ကိုအခြေခံပြီး Centralization ကို ဦးတည်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ လိုချင်တကာတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတော့ ဒါကလည်း ဘယ်လိုမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ မဲသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို တစ်ကျော့ပြန်သိမ်းယူပြီးနောက် ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လကနေ အခုနှစ် ဇူလိုင် ၂၇ ရက်နေ့အထိ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှု ၁၁၉ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ၇ ဖွဲ့ နဲ့ NCA မရေးထိုးတဲ့ EAO ၃ ဖွဲ့တို့ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေလည်း ပါဝင်ခဲ့တာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တချို့သော လိုလားချက်တွေဟာ လွှတ်တော်ထဲရောက်မှသာ ခွင့်ပြုပေးလို့ရတဲ့အတွက် လက်ရှိတွေ့ဆုံဆွေးနွေးမှုကနေ တပ်မတော်အနေနဲ့ သဘောတူထားပြီးရင် ကန့်ကွက်စရာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောဆိုပါတယ်။
ဒီမိုကရေစီအစိုးရနှစ်ဆက် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဖေသန်းကလည်း စစ်တပ်အနေနဲ့ တိုင်းရင်းသားတွေ သူတို့ဘက်ပါအောင် လုပ်တဲ့ပုံစံမျိုးဖြစ်ပြီး ဖက်ဒရယ်အပေါ် ဘာမှတိတိကျကျ အဆင်သင့်မရှိဘူးလို့ ထောက်ပြပါတယ်။
“သူတို့ကအချိုတိုက်ပြီးတော့ တိုင်းရင်းသားတွေ သူတို့ဘက်ပါလာအောင် လုပ်တဲ့ပုံစံမျိုးပေါ့။ အဲဒီနည်းကလွဲလို့ ဘာမှသူတို့မှာ အဆင်သင့်မဖြစ်ဘူး။ သူတို့က ပေးမယ်ဆိုတာ ပြတ်ပြတ်သားသား ဘာမပြောဘူး။ ဖက်ဒရယ်ကို ဘယ်ပုံစံမျိုးနဲ့ပေးမလဲ၊ သီးသန့်ဆွေးနွေးလိုက်ပေါ့။ အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ ဆိုတော့ ဒါကရေရှည် သူတို့အချိန်ဆွဲပြီးတော့ စစ်တပ်ရဲ့လုပ်ရပ်တွေကို မေ့မေ့ပျောက် ပျောက်ဖြစ်သွားအောင် နောက်ပြီးဒါတွေက သမိုင်းမှာမကျန်ခဲ့အောင် သူတို့က အဓိကတိုင်းပြည်ကို ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ မြင်သွားအောင် တဖက်လှည့်နဲ့ ဆွဲဆောင်နေတာဖြစ်တယ်။ တကယ်တော့လည်း ဘာမှတိတိကျကျ သူတို့မှာအဆင်သင့်မရှိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NCA လမ်းကြောင်းအတိုင်း ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်နေပြီး အတိုင်းအတာတစ်ခုအထိသာရှိမယ်လို့ ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဟာ စစ်တပ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။
အဲဒီထဲက NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီနဲ့ စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးမှုကို ကျောခိုင်းစွန့်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်