“ထိုင်းမှာတော့ အစိုးရအသစ်ဖွဲ့ပြီးပေမယ့် တကယ်ပြောရရင် အဟောင်းပဲ။ အစိုးရအဟောင်းက လူတွေများတော့ လုံခြုံရေးပေါ်လစီတို့၊ နယ်စပ်ရေးရာကိစ္စတွေလည်း သိပ်ပြောင်းလဲမယ်လို့ မထင်ဘူးပေါ့”

ထိုင်းလွှတ်တော် နှစ်ရပ်လုံးရဲ့ ထောက်ခံမဲကြောင့် ဖွေထိုင်းပါတီက အသက် ၆၀ အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆီရက်သာ သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move Forward ပါတီနဲ့ လမ်းခွဲပြီးနောက် စစ်တပ် ယိမ်းပါတီတွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ထိုင်းလွှတ်တော် နှစ်ရပ်လုံးရဲ့ ထောက်ခံမဲရရှိပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဒါကြောင့် ထိုင်းဝန်ကြီးချုပ်သစ် အပြောင်းအလဲဟာ မြန်မာအရေးပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်ကောင်စီနဲ့ အတိုက်ခံတွေအပေါ် သူတို့ရဲ့ဆက်ဆံရေးအပါအဝင် ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင် သူငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ဝန်ကြီးချုပ်အသစ်အဖြစ် ဖွေထိုင်းပါတီမှ ဆီရက်သာ သာဗီဆင် ရွေးချယ်ခံခဲ့ရတာဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ထိုင်းမှာတော့ အစိုးရအသစ်ဖွဲ့ပြီးပြီပေါ့နော်။ အစိုးရအသစ်က တကယ်ပြောရရင် အဟောင်းပဲ။ အရင်အစိုးရအဟောင်းက လူတွေရယ်၊ အခုဖွေ့ထိုင်းပါတီရယ် ပေါင်းလိုက်တဲ့သဘောပေါ့။ အဲဒီအနေအထားမှာ အဓိကက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စပဲ အဓိကပြောပါတယ်။ ဖွေ့ထိုင်းပါတီက အစိုးရအဖွဲ့တစ်ခုလုံးအနေနဲ့ စီးပွားရေးပေါ်လစီတွေ ဘယ်လိုလာမယ်။ အဲဒီလိုကတော့ ကျွန်တော်တို့ မသိသေးဘူး။ နောက်တစ်ခုက အစိုးရအဟောင်းက လူတွေများတော့ လုံခြုံရေးပေါ်လစီတို့၊ နယ်စပ်ရေးရာကိစ္စတွေလည်း သိပ်ပြောင်းလဲမယ်လို့ မထင်ဘူးပေါ့။

 ၂။ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ထိုင်းမှာ အများစုရောက်ရှိနေတဲ့ မြန်မာတွေက ထိုင်းမှာနေခွင့်ရဖို့ အထောက်အထားကတ်တွေလုပ်ရာမှာ တင်းကြပ်မှုများစွာကြုံနေရပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ ဖြေလျော့မှု ရှိလာမယ်လို့ ထင်ပါသလား။

ဖွေထိုင်းပါတီက ရွေးကောက်ပွဲလုပ်တုန်းက သူတို့ကတိကဝတ်တစ်ခု ရှိတာပေါ့နော်။ ထိုင်းလုပ်သားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို ၆၀၀ဖြစ်စေရမယ်ပေါ့ ၂၀၂၇မှာ။ အဲဒီလိုမျိုး ကတိတွေရှိပါတယ်။ အလုပ်သမားတွေကို ဒီလိုလစာတိုးအောင် လုပ်ပေးမယ်ဆိုရင် ထိုင်းလုပ်သားချည်းပဲ မကဘူးပေါ့။ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ် သားတွေအတွက်လည်း အကျိုးခံစားဖို့တော့ ရှိတယ်။

၃။ ဖွေထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုသဘောထားတွေ ရှိလာနိုင်လဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အရင်ဆုံး အများဆုံးအနိုင်ရတဲ့ပါတီ move forward က  အစိုးရဖွဲ့နိုင်ရင်တော့ တစ်မျိုးဖြစ်မှာပေါ့နော်။ အခုကျတော့ ဖွေထိုင်းဦးဆောင်တဲ့ ၁၁ပါတီက မဟာမိတ်ဖြစ်သွားတယ်။ သူတို့ရဲ့မူဝါဒတွေက ဘယ်လိုလာမလဲ ဆိုတာတော့ သေချာပြောလို့မရသေးဘူး။ ယေဘုယျပြောနိုင်တာတော့ စီးပွားရေးပဲ ပိုဦးတည်မယ်ဆိုတာမျိုး ပဲ ပြောလို့ရတာပေါ့နော်။

 ၄။ ထိုင်းမှာ မြန်မာနိုင်ငံကနေ နိုင်ငံရေးအရခိုလှုံသူ အရေအတွက် များစွာရှိနေပါတယ်။ ထိုင်းရဲ့ အခုဝန်ကြီးချုပ်အပြောင်းအလဲက အဲဒီအင်အားစုတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

အစိုးရအဟောင်းနဲ့ ပြောရရင် သူတို့ကစစ်အစိုးရနဲ့ ပြေလည်တယ်လေနော်။ စစ်အစိုးရနဲ့ အသွားအပြန် တွေရှိတယ်။ အစည်းအဝေးမျိုးတွေလည်း ရှိတယ်။ အခုအစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒက သေချာမသိနိုင်သေးဘူး၊ ပြောရခက်တယ်။ ဒါပေမယ့် ပြောလို့ရနိုင်တာက အများဆုံးလုပ်ပေးနိုင်တာပေါ့။ နယ်စပ်မှာ ဒုက္ခ သည်စခန်းတွေကို ဝင်ခွင့်မပေးသေးဘူး။ ဒါမျိုးတွေကို ဖြေလျော့တာတွေ လုပ်နိုင်တယ်။ ဒါထက်လုပ်ပေးနိုင်တာမျိုးဆို တချို့တွေကို ဒုက္ခသည်စခန်းဖွင့်ပေးနိုင်တာမျိုးပေါ့။

 ၆။ အသစ်တက်လာမယ့် ထိုင်းအစိုးရလက်ထက်မှာ ထိုင်းမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ကောင်းကျိုးဆိုးပြစ်ဘာတွေ ရှိလာနိုင်ပါသလဲ။

ကျွန်တော်ထင်တာက ထိုင်းအစိုးရတစ်ခုတည်းနဲ့ မဆက်ဆံရဘူးထင်တာပဲ။  ဟိုဘက်က လက်ခံမယ့်နိုင်ငံတွေဘက်လည်း လိုတယ်။ နောက်တစ်ခါသူတို့ သွားမယ့်လာမယ့် ခရီးစရိတ် အခြေချဖို့စရိတ်ဒါမျိုးတွေက ရှိတော့ ထိုင်းတစ်ခုတည်းက မဟုတ်ဘူး။ အခုချိန်ထိ ထိုင်းမှာတစ်ချို့ ဒုက္ခသည်တွေဆိုရင် တော်တော်ကို ကြာနေပါပြီ စခန်းတွေမှာ စောင့်နေရတာ။ မြန်လာမလား၊ မမြန်ပဲ ဒီအတိုင်းပဲ ဆက်ဖြစ်မလားတော့ ကျွန်တော်တို့ သေချာမပြောနိုင်ဘူး။

၇။ နောက်ဆုံးအနေနဲ့ ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲအပေါ် ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ယေဘုယျအားဖြင့် ပြောရင် ထိုင်းနိုင်ငံက ကလေးသူငယ်စာချုပ်ဥပဒေကို လက်မှတ်ထိုးလိုက်တယ်။ ရွှေ့ပြောင်း အလုပ်သမားကလေးတွေကိုလည်း သူတို့က ကျောင်းတက်ခွင့်ပေးတယ်တို့ ဒါတွေရှိလာတာပေါ့နော်။ တကယ်လို့ ဒီဘက်မှာ သူတို့က အနိမ့်ဆုံးလုပ်ခလစာတွေ မြှင့်မယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေက တချို့သော အကျိုးခံစားခွင့်တွေ ခံစားရမှာပေါ့။ အခုချိန်တော့ ကျွန်တော်ထင်တယ် သူတို့အစိုးရမူဝါဒကြေညာတာတွေ လုပ်တဲ့အထိတော့ ကျွန်တော်တို့ စောင့်သင့်တယ်။ အဲ့လိုမဟုတ်ပဲ မှန်းဆပြီးပြောမယ်ဆိုရင် မြန်မာပြည်ကို ဘယ်လိုသက်ရောက်မလဲဆိုတာ ပြောဖို့ ခက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.