ကော့ကရိတ် – ဩဂုတ်(၂၄)
တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကော်ဘရာစစ်ကြောင်း-P29907ထံ နယ်ခြားစောင့်တပ်(BGF) တပ်နယ်-၂ က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သူ့ကို ငွေကျပ်သိန်း(၄၀) ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်သားအောင်ကိုဦးဆိုသူဟာ ကကပံ့လက်အောက်ခံတောင်ငူမြို့နယ်၊အမှတ်-(၉၃၀) ထောက်ပံ့ရေးတပ်ရင်းကဖြစ်ပြီး သူနဲ့အတူ M16-A1သေနတ်(၁)လက်၊M16-A1 ကျည်ဘောက်(၅)ဘောက် နဲ့ ၅.၅၆ ကျည်တောင့်(၁၅၀) ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုသူတွေဖြစ်စေ တပ်တွင်းသတင်းပေး(ဖရဲသီး) အဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ/စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကိုလည်းဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဘက်ကို ရပ်တည်ပူးပေါင်းလာသူတွေကို လက်ကမ်းကြိုဆိုနေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲနဲ့ တပ်မတော်သား (၂)သောင်းကျော် ပြည်သူတွေနဲ့ ပူးပေါင်းထားပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ NUG ရဲ့အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOD