ဘီးလင်း၊ သြဂုတ်(၂၄)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့မနက် ၈ နာရီအချိန်ခန့်က မရမ်းကုန်းကျေးရွာနေ အသက် ၅၀ ဒေါ်ဝါဝါနုဟာ ကျေးရွာအလွန်ရှိ သူပိုင်ခြံထဲကို လမ်းလျှောက်လာစဉ် ခြံအနားအရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေါ်ဝါဝါနုဟာ ဝဲဘက်နားပေါက်ပြဲပြီး လက်မောင်းမိုင်းစမှန်ဒဏ်ရာ၊ တင်ပါးနဲ့ပေါင်တွေမှာ မိုင်းစဝင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်ဝါဝါနုကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘီးလင်းဆေးရုံကနေတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။
ဒေါ်ဝါဝါနု မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ မရမ်းကုန်းကျေးရွာဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ပါ စစ်ရေးလှုပ်ရှားတဲ့ဒေသလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်တုန်းကလည်း မရမ်းကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်လို့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တကျော့ပြန်မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media