ထားဝယ်၊ သြဂုတ်(၂၄)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ကစပြီး တောင်ပျောက်တိုက်နယ်ထဲမှာ ရွာစဉ်လှည့်ကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ သူတို့ချီတက်ရာလမ်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး ဝင်းကဖော်ကျေးရွာထဲမှာ တပ်စွဲနေထိုင်နေတာပါ။
အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ဝင်းကဖော်ကျေးရွာကနေ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ဆက်လက်ခေါ်ဆောင်သွားပြီး ဗျက်ဝိသာကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထားဝယ်အရှေ့တောဒေသမှာလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရမ္မဇူ၊ ဝကုန်းနဲ့ သရက်ငုတ်ကျေးရွာ ဒေသခံ ၃ ဦးကို ဖမ်းဆီးထားပြီး စစ်ကြောင်းတလျှောက် လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၂၀ ကျော်ကို ၃ ရက်ကြာတဲ့အထိ ပြန်လွတ်လာခြင်း မရှိသေးတဲ့အတွက် မိသားစုဝင်ဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ထားဝယ်အရှေ့တောဒေသနဲ့ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။
တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ