နေပြည်တော်၊ သြဂုတ်(၂၄)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုကိစ္စတွေကို ဦးတည်ဆောင်ရွက်နေတာဟာ စစ်တပ်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဩဂုတ် ၂၂ ရက်နေ့က ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲမသမာမှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။

စစ်ကောင်စီပြောဆိုချက်အပေါ် NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က မလွှဲသာလို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး တော်လှန်ရေးဆင်နွှဲနေတာဖြစ်တဲ့အတွက် လုပ်ရပ်ကိုကြည့်ဖို့လိုအပ်သလို စစ်တပ်ကသာ အကြမ်းဖက်ပြီး ပြည်သူလူထုကို နှိပ်စက်နေတာလို့ တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့တွေ ပထမဦးဆုံး ငြိမ်းချမ်းစွာဆန္ဒပြပြီး ပြုလုပ်ခဲ့ကြပေမယ့် နောက်ဆုံးဘယ်လိုမှ မလွှဲသာ မရှောင်သာလို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ပြီး လုပ်ကိုင်နေကြတာဖြစ်တယ်။ ဒါကို အကြမ်းဖက်လို့အမည်တပ်ဖို့ အကြမ်းဖက်စစ်အုပ်စုက အမြဲတမ်းကြိုးစားနေတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က တော်လှန်ရေးဆင်နွှဲနေတာ ဖြစ်တယ်၊ လက်နက်ကိုင်ရုံနဲ့ အကြမ်းဖက်လို့ အမည်တပ်လို့မရပါဘူး။ လက်နက်ကိုင်ပြီး ဘာကိုလုပ်နေလဲဆိုတဲ့ လုပ်ရပ်ကိုကြည့်ဖို့ လိုအပ်ပါမယ်။ လက်နက်ကိုင်ပြီး အမှန်တကယ် အကြမ်းဖက်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်နေတာ မင်းအောင်လှိုင်တို့ ဦးဆောင်တဲ့ စစ်တပ်သာလျှင် ဖြစ်တယ်ဆိုတာ အတိအလင်းပြောကြားလိုတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်တပ်က ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရဆီကနေ ပြည်သူ့အာဏာကို မတရားလုယူဖို့ ကြိုးစားရာကနေ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လူထုတရပ်လုံး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာကို ဦးခေါင်းတည်ပစ်ခတ်တာ၊ မတရားဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခဲ့တာဟာ စစ်တပ်သာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့အပေါင်းအပါတွေက စစ်ရာဇဝတ်မှုတွေကို ကြိမ်ရေတိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ပွဲဝင်သူတွေကို အစုလိုက်အပြုံလိုက် ကွပ်မျက်တာတွေ ပိုတိုးလာသလို အရပ်သားနေအိမ်တွေနဲ့ အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ အကြီးအကျယ် မီးရှို့ခြင်းကြောင့် အချို့နေရာတွေမှာ ရွာလုံးကျွတ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ အနာဂတ်ကာလမှာ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိဘဲ ဆွေးနွေးဖို့ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန်ဖို့နဲ့ ရှုတ်ချကြောင်း ကမ္ဘာသိအောင် ကြေညာဖို့လိုတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဦးနေဘုန်းလတ်ကတော့ ဘယ်သူက အကြမ်းဖက်နေတယ်ဆိုတာ ကမ္ဘာကြီးက ပြတ်ပြတ်သားသားမြင်ထားကြပြီဖြစ်လို့ စစ်တပ်ကိုကမ္ဘာ့နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်နေတာဖြစ်ပြီး တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ အခြေအနေလို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေမှာ အကြမ်းဖက်မှုကိစ္စတွေကို ဦးတည်ဆောင်ရွက်နေတာ လက်ရှိဆောင်ရွက်နေတာဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်သာလျှင်ဖြစ်တယ်။ အဲဒီတော့ ဘယ်သူက အကြမ်းဖက်နေတယ်ဆိုတာ ကမ္ဘာကြီးကလည်း ပြတ်ပြတ်သားသား မြင်ထားကြပြီ ဖြစ်တယ်။ အဲဒီလိုမျိုး မြင်ထားကြလို့လည်းပဲ ကမ္ဘာ့နိုင်ငံတွေကနေ မင်းအောင်လှိုင်ကို မဆက်ဆံတာမျိုးတွေ ဖြစ်တယ်၊ ရှိတယ်။ နောက်ပြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အပေါ် Sanction လို့ခေါ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်နေတာရှိတယ်။ အဲဒီတော့ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဆိုသလိုပဲ ငပြူးကလာပြီး ပြဲပြနေတဲ့ အခြေအနေလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။

အတိုက်အခံတော်လှန်ရေးအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ နိုင်ငံရေးက အပြီးထွက်ခွာဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းဖို့အပါအဝင် တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို လက်ခံရင် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ယာယီသမ္မတဒူဝါးလရှီးလက ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.