ကော့ကရိတ်၊ သြဂုတ်(၂၄)

ကရင်အမျိုးသားအစည်းအရုံး KNU ကော့ကရိတ်မြို့နယ် ဝေါ်လေကျေးရွာမှာ ပြောင်းဖူးစိုက်ခင်းသွားတဲ့ ဒေသခံအမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဝေါ်လေးကျေးရွာကနေ ပြောင်းဖူးစိုက်ခင်းသွားတဲ့ အသက် ၁၈ နှစ်အရွယ် နော်ဖော်အယ်နဲ့ အသက် ၄၀ အရွယ် နော်ဖားကလေးတို့ကို လှမ်းခေါ်တာမလာလို့ဆိုပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၅၉) ဝေါ်လေဗျူဟာကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နော်ဖားကလေးမှာ ခြေထောက်ကျည်ထိမှန်ဒဏ်ရာနဲ့ နော်ဖော်အယ်မှာ လက်ကျည်ရှပ်ထိမှန် ဒဏ်ရာတွေရရှိပြီး ကြောက်လန့် တကြား ထွက်ပြေးခဲ့ရတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသမီး ၂ ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ(၆) ဒူးပလာယာခရိုင် ဆေးတပ်ဖွဲ့နေ ဆေးကုသမှုတွေ လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ကလည်း ကျုံဒိုးမြို့နယ်၊ တောင်ကြားအင်းတံတားထိပ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.