မော်လမြိုင်၊ သြဂုတ်(၂၄)
ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်နေတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးဈေးကစားသူတွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီဘက်က အပြစ်ဖို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာအတွက် မေးခွန်းအကြိမ်ကြိမ် ထုတ်ခံရတဲ့အပေါ် စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေကို အပြစ်တင်ခဲ့တာပါ။
စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုကို ဝန်ခံခဲ့ပေမယ့် အကြောင်းအရင်းဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှု၊ ငွေကြေးဈေးကစားသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြောင့် ဖြစ်တယ်လို့ အပြစ်တင် ပြောဆိုလာတာပါ။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ကုန်ဈေးနှုန်း မြင့်တက်လာမှုဟာ မြန်မာငွေကြေးတန်ဖိုး ဆက် တိုက်ကျဆင်းမှုအပေါ် စစ်ကောင်စီဘက်က မထိန်းနိုင်တာနဲ့ ကုန်သွယ်ရေး ခက်ခဲမှုတွေကြောင့် အဓိက သက်ဆိုင်နေတယ်လို့ ထောက်ပြပါတယ်။
“စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ဒေါ်လာဈေးတွေ၊ ဘတ်ဈေးတွေကို သူကလုပ်လို့ရတာမဟုတ်ဘူးလေ။ ဥပမာပေါ့ကွာ ကိုယ်တို့ကဘတ်(၁၁၀)နဲ့ ဝယ်မယ်ဆိုလိုရှိရင် ဝယ်တဲ့ပစ္စည်းတစ်ခုကို ဘယ်သူက လျော့ရောင်းလို့ရမလဲ။ အဓိကသူတို့က ငွေဈေးနှုန်းတည်ငြိမ်အောင်လုပ်ပြီးတော့ ငွေလဲလှယ်နှုန်းကို တည်ငြိမ်အောင် လုပ်ပေးရမှာပေါ့။ အဓိက အစိုးရလုပ်ပေးရမှာ အဲဒါပဲလေ။ မြန်မာငွေတန်ဖိုးတက်အောင်လုပ်ဖို့ဆိုတာ သူတို့ပဲရှိတယ်။ ငါတို့က ဘယ်လိုလုပ်ပေးလို့ရမှာလဲ။ အဓိကငွေဈေးနှုန်း တက် နေတဲ့အတွက်ကြောင့်မို့ ကုန်ဈေးနှုန်းတွေ တက်နေတာကွာ။ ငွေဈေးနှုန်းတည်ငြိမ်အောင်လုပ်နိုင်ရင် ငါတို့ကအကုန်တည်ငြိမ်တယ်လေ။ စက်သုံးဆီကစပြီးတော့ အကုန်လုံးက ဒေါ်လာနဲ့ပဲသွားနေရတာလေ။ နိုင်ငံခြားငွေဖြစ်တဲ့ ဒေါ်လာတက်လို့ရှိရင် ဘတ်တို့ဘာတို့ညာတို့က လိုက်တက်မှာကွာ အဲဒီသ ဘောပဲလေ။ မနေ့က သတင်းစာရှင်းလင်းပွဲကြောင့်မို့လို့ ဒီနေ့ဈေးတွေတက်ကုန်တာ၊ မနေ့ကသတင်း စာရှင်းလင်းပွဲလုပ်တဲ့ အခါကျတော့ ဖမ်းမလားပြုမလား ဆိုပြီးတော့ ဈေးကျလိုက်တာ၊ ဒီနေ့တော့ မနေ့ကသူတို့ကုန်သည်ကို အပြစ်ပုံချလိုက်တဲ့အခါကျတော့ ဒီနေ့ဈေးက ချက်ချင်းအုံးအုံးအုံးဆိုပြီး တက်လာတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ပစ္စည်းတမယ်ကို အနည်းဆုံး ၃ ဆကနေ ၄ ဆနီးပါးအထိ ဈေးနှုန်းခုန်တက်လာပြီး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကိုပင် ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်နေတာပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ နိုင်ငံခြားငွေ မြင့်တက်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။
ငွေကြေးသုံးသပ်သူလည်းဖြစ်တဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH)အဖွဲ့ဝင် ဦးတင့်လွင် ကတော့ စစ်ကောင်စီက ကုန်ဈေးနှုန်းကျဆင်းစေဖို့ သွင်းကုန်လျော့ချတာနဲ့ ပို့ကုန်သမားတွေရဲ့ ပို့ကုန်ရငွေတွေကို လိုက်လံထိန်းချုပ်နေပေမယ့် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက နဂိုကတည်းကကိုက နေ့စဉ်လိုအပ်ချက်ထဲမှာလည်း ကျွန်တော်တို့က သွင်းကုန်ကိုအားပြုရတဲ့ နိုင်ငံလည်း ဖြစ်တယ်လေ။ ကျွန်တော်တို့ နေ့စဉ်လိုအပ်ချက်မှာ လောင်စာဆီကအစ အခြေခံစားကုန်က အဆုံး သွင်းကုန်လိုအပ်ချက်ရှိတယ်။ ဒီအခြေအနေကို ကုစားတဲ့အနေနဲ့ သွင်းကုန်ကို လျော့ချဖို့လုပ်တယ်။ ကန့်သတ်ချက်တွေ လုပ်တယ်။ နောက်တစ်ခါ အဲဒီလိုလုပ်နေယုံနဲ့ မပြီးသေးဘူး။ တစ်ခါပို့ကုန်သမားကိုပေါ့နော် သွင်းကုန်သမားအတွက် ဒေါ်လာဈေးမမြင့်အောင်လို့ အစိုးရကလည်းရရှိတဲ့ဒေါ်လာရအောင်လို့ ပို့ကုန်ရဲ့ရတဲ့ငွေ (၆၅) ရာခိုင်နှုန်းကို အစိုးရကို သတ်မှတ်ဈေးနဲ့ သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လုပ်လိုက်တယ်။ ဒါကတော်တော်လေး အလုပ်မဖြစ်တော့ ပို့ကုန်သမားတွေ တော်တော်များများ အလုပ်မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ (၅၀) (၅၀) ကို လျော့ချလိုက်တာပေါ့။ ဒါပေမယ့်အခုနောက်ဆုံး ဆောင်ရွက်တဲ့မူကလည်း တော်တော်လေးကို ရှုပ်ထွေးပြီးတော့ လိုက်နာဖို့ခက်ပြီးတော့ ကုန်သည်တွေ ပို့ကုန်လုပ်ငန်းရှင်ရော၊ သွင်းကုန်လုပ်ငန်းရှင်ရော အကုန်ဒုက္ခရောက်နေပြီးတော့ ဒီယန္တရားတစ်ခုလုံးဟာ နှေးကွေးပြီးတော့ အလုပ်မဖြစ်ဘူးပေါ့၊ အဲဒီအခြေအနေပေါ့”လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုကို နည်းမျိုးစုံသုံးပြီး လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာပြောဆိုပြီး နောက်တစ်နေ့ဖြစ်တဲ့ သြဂုတ် ၂၃ ရက်နေ့မှာတော့ ရွှေ၊ ဒေါ်လာ၊ ဘတ်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ဈေးနှုန်းထပ်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်းဈေးနှုန်း အဆမတန်မြင့်တက်လာမှုဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုနဲ့ မူဝါဒအမှားတွေအပြင် ငွေစက္ကူအသစ်ထုတ်ဝေမှု၊ မြန်မာငွေတန်းဖိုးကျဆင်းမှုတွေကြောင့် အဓိကသက်ဆိုင်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို အပြစ်ဖို့ယုံနဲ့ ကုန်ဈေးနှုန်းကျဆင်းလာမှာ မဟုတ်ဘူးလို့ လုပ်ငန်းရှင်တွေက ဝေဖန်ထားပါတယ်။
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် အခြေခံပြည်သူတွေဟာ ဝင်ငွေထွက်ငွေမမျှတဲ့ ပြဿနာကြားကနေ ဝမ်းတစ်ထွာတိုက်ပွဲတွေမှာ အလူးအလဲ ခံစားနေရပြီး ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်နဲ့ ကြုံရမယ့်ကိန်းဆိုက်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI