မုန်း၊ သြဂုတ်(၂၃)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးအပြင် ဒရုန်းတွေအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၁၁ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ(၃၀၇) နဲ့ ခမရ(၄၃၉) တပ်ရင်းတွေဟာ သြဂုတ် ၁၉ ရက်နေ့ကစပြီး သစ်ဖြူဆိတ်ကျေးရွာနဲ့ လက်တက်ကြီးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် နောင်ဘို၊ လက် တက်ကြီး၊ သစ်ဖြူဆိတ်၊ ဇလုပ်ကြီး၊ လှေဒိုး၊ သနပ်ကွင်းနဲ့ ညောင်ခြေထောက်ကျေးရွာအပါအဝင် ကျေးရွာ ၁၁ ရွာက ဒေသခံတွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ စစ်ဘေးရှောင်နေရတာပါ။
အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်တက်ကြီးကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးဝင်းနဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ညိုတို့ ၂ ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာ ရရှိထားပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ မုန်းမြို့သို့ ဈေးဝယ်လာတဲ့ ငထွေစုပ်ကျေးရွာဒေသခံ ၅ ဦးကို အ ကြောင်းပြချက်မရှိဘဲ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၉၉) တပ်ရင်းထံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံဒေသခံ ၅ ဦးဟာ လက်ရှိအချိန်အထိ ပြန်လည်လွတ်လာခြင်း မရှိသေးတဲ့ မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်မှုမြင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လတုန်းကလည်း စစ်ကောင်စီတပ်ဟာ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားဝယ်တဲ့ ဒေသခံ ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၂ ဦးကိုသာ ပြန်လွတ်ပေးခဲ့ပေမယ့် ကျန်ဒေသခံ ၁၈ ဦးကို အကြောင်းအမျိုးမျိုးပြကာ ၆ လစီထောင်ချခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU