ရေဖြူ၊ သြဂုတ်(၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ သြဂုတ် ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း နေအိမ် ၂၀၀ နီးပါး ဖျက်ဆီးခံရပြီး အဲဒီထဲက နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ရေဖြူမြို့နယ် ပကဖအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ရေဖြူမြို့ နယ်ထဲက ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အတောအတွင်း ဧကနိ၊ ခမောက်ချောင်းနဲ့ ဝဇွမ်းတောကျေးရွာက နေအိမ် ၂၀၀ နီးပါးကို ဝင်ရောက်မွေနှောက်ပြီးနောက် ဖျက်ဆီးတာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ လုပ် ဆောင်ခဲ့ပါတယ်။

အဲဒီထဲမှာ အဆိုးဆုံးအနေနဲ့ ဧကနီကျေးရွာ တစ်ရွာတည်းမှာပဲ နေအိမ် ၁၇၀ နီးပါး ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်ကာလအတွင်း ဝဇွမ်းတောရွာက အမျိုးသမီး ၂ ဦး၊ ဧကနိရွာက ရဟန်းတစ်ပါးနဲ့ အမျိုးသား ၁ ဦး၊ ရေဖြူမြို့ရပ်တော်မူဘုရားလမ်းဆုံမှာ ဒေသခံ ၄ ဦး ၊ စုစုပေါင်း အ ရပ်သားပြည်သူ ၈ ဦး ပစ်ခတ်ခံခဲ့ရတဲ့အတွက် ဒဏ်ရာအသီးသီးရရှိခဲ့တာပါ။

စစ်ကောင်စီ စစ်ကြောင်းဝင်လာလို့ ဧကနိ၊ ဝဇွမ်းတော၊ ခမောက်ချောင်း၊ ရငဲ၊ ထိန်းကြီးကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး ဧကနိကျေးရွာ ဒေသခံတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက် ပွဲတွေကြောင့် ဒေသခံ ၃၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.